ရန်ကုန်၊ မတ် ၁၆
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ရွှေတောင်မြို့၊ ကျောင်းကြီးကွက်သစ်ရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကြီးကို ပျူစောထီးများက ဖမ်းဆီးသွားပြီးနောက် ၁ ရက်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်အချိန် ရွှေတောင်မြို့၊ ကျောင်းကြီးကွက်သစ် ရပ်ကွက်တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုအောင်ကြီးကို ပျူစောထီးများက စစ်ဆေးမေးမြန်းရန် ရှိသည်ဟု ဆိုကာ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း ၊ ထို့နောက် ကိုအောင်ကြီးကို ပျူစောထီးများက ရွှေတောင်ရဲစခန်းတွင် ရိုက်နှက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရပြီး ၁ ရက်အကြာ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရွှေတောင်ရဲစခန်းမှ ရဲများက ကိုအောင်ကြီး နေအိမ်ကို ရောက်ရှိလာပြီး အစာအိမ်သွေးကြောပေါက်၍ သေဆုံးခဲ့သည်ဟု လာရောက်အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
ရဲနှင့် ပျူစောထီးများ သတ်ဖြတ်ခဲ့သော ကိုအောင်ကြီး၏ ရုပ်အလောင်းကို မိသားစုဝင်များက မတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် သွားရောက်ထုတ်ယူစဉ် မျက်နှာတွင် ဖူးယောင် ဒဏ်ရာများတွေ့ရှိခဲ့ကြောင်း၊ ပျူစောထီးများက ဖမ်းဆီးစဉ်တွင် မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိဘဲ ကျန်းမာရေး ကောင်းမွန်သူဖြစ်ကြောင်း သိရသည်။
“၁၂ ရက်နေ့ ည ၉ နာရီမှာ နယ်မြေခံ ပျူစောထီးတွေက မေးစရာရှိတယ်ဆိုပြီး ကိုအောင်ကြီးကို သူရဲ့နေအိမ်မှာ လာဖမ်းသွားတာ ပြီးတော့ ရွှေတောင်ရဲစခန်းကို ခေါ်ဆောင်သွားတယ်။ ၁၄ ရက်နေ့ နံနက်ရောက်တော့ တွင် ရဲစခန်းက မိသားစုတွေဆီကို ဆက်သွယ်လာပြီး အောင်ကြီးညက အစာအိမ်သွေးကြောပေါက်လို့ သေဆုံးသွားပြီလို့ ပြောတယ်လို့ သိရတယ်။ မိသားစုတွေက အလောင်းကို အလွယ်တကူ ထုတ်မရခဲ့ဘူး။ ၁၄ ရက်နေ့ ညနေမှာ အလောင်းကို ပြန်ထုတ်ပေးခဲ့တယ်လို့ သိရတယ်။ သူ့မှာ ဘာရောဂါခံမှမရှိဘူး။ အစာအိမ်ရောဂါလည်းမရှိဘူး။ ကိုအောင်ကြီးရဲ့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေတွေ့ရတယ်လို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရဲနှင့် ပျူစောထီးများ သတ်ဖြတ်ခဲ့သော ကိုအောင်ကြီး၏ ရုပ်အလောင်းကို မတ်လ ၁၅ ရက်နေ့တွင် မိသားစုဝင်များက ရွှေတောင်မြို့၌ သဂြိုလ်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ- ရွှေတောင်မြို့တွင် စစ်တပ်၊ရဲနှင့် ထွေ/အုပ်များက ပြည်သူများကို အတင်းအကျပ် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။




