28 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရှိရသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့၊ နံနက် ၇ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ ကန်တော်ရွာစခန်းမှတစ်ဆင့် ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာသို့ ဦးတည်ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၅ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်ထံမှ ကျည်ဆန်အချို့၊ လက်ပစ်ဗုံးများနှင့် နင်းမိုင်းအနည်းငယ် သိမ်းဆည်းရမိခဲ့သည်။ တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် အရှင်ဖမ်းမိသူမရှိဘဲ ၎င်းတို့ထွက်ခွာလာရာ ကန်တော်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၅ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ကျည်တချို့၊ လက်ပစ်ဗုံးနဲ့ နင်းမိုင်း အနည်းငယ်ပဲ သိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့စစ်ကြောင်းက ထွက်လာတဲ့ ကန်တော်ရွာဘက်ကို ပြန်ဆုတ်သွားပါပြီ” ဟု PLA ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ စစ်တပ်စစ်ကြောင်းမှာ ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနှင့် ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းများအကြား လှည့်လည်သွားလာနေခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် MGYPDF၊ ကမ္မတပ်ပေါင်းစု နှင့် Pakokku Column တို့က ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များအားလုံး အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article