ရန်ကုန်၊ မတ် ၁၆
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် “သတ္တိရှိတဲ့ PDF ရွာထဲလာခဲ့ အသေထွက်ပဲ ပြန်ထွက်ရမယ်” ဟု စိန်ခေါ်ထားသော ပျူစောထီး ခေါင်းဆောင်ရဲထွန်းကို နေအိမ်တွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ လှည်းပြင်တင်အုပ်စု၊ ဘုရားကွင်း+အင်တောသာရွာတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် ရဲထွန်းသည် စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ တပ်ရင်းမှ ပြန်လာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ ရဲဘော်များက ၄င်း၏ နေအိမ်၌ စောင့်ကြို ဖမ်းဆီးတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ရဲထွန်းသည် အကြမ်းဖက် စစ်တပ်၏ အမာခံထောက်တိုင်ဖြစ်ပြီး ပြည်သူများကို မမှန်သတင်းပေးကာ စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကိုလည်း “သတ္တိရှိတဲ့ PDF ရွာထဲလာခဲ့ အသေထွက်ပဲ ပြန်ထွက်ရမယ်” ဟုစိန်ခေါ်ခြင်း၊ လူငယ်များကို စစ်တပ်နှင့် အတူ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“အဲကောင်က ရွာထဲကနေ တိမ်းရှောင်နေတာကြာပြီး အာဏာသိမ်းတုန်းကလဲ ရွာထဲမှာ ဘောက်တွေဖွင့်ပြီး အောင်ပွဲခံတာတွေ လုပ်တယ်။ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ကောင် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာလဲ သူပဲဦးဆောင်ပြီး လုပ်နေတာ အဲတာတွေကြောင့် ကျနော်တို့ သူပြန်လာတဲ့ အချိန်ကို စောင့်ပြီး တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီးသေဆုံးပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်အုပ်စုအပြင် ယင်းတို့၏ ဒေါက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။





