ရန်ကုန်၊ မတ် ၁၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ယမ်စီကုမ္ပဏီမှထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သား အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရှိ ယမ်စီ ကုမ္ပဏီမှ ယင်းမာပင်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“အခုစစ်ခွေးတွေက ယမ်စီထဲကို ပြန်ဝင်သွားပါပြီ။ လေကြောင်းပစ်ကူကြောင့် ပြန်ထွက်လို့ရသွားတာ။ ရဲဘော်တစ်ယောက်တော့ ကျွန်တော်တို့ လက်ရုံးတပ်က ကျသွားတယ်။ ဂျိုင်ရိုကော်ပရာနဲ့ပစ်လို့ ကျတာပါ။ ဒီကောင်တွေက အညာကို အတင်းဖိနေတာ စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာတော့ မကြားမိသေးဘူး။ သေရင်လဲ အလောင်းကို အဲ့ထဲမှာ မြုပ်ပစ်ကျတာ အကောင်ကြီးမှ သယ်တာ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိလိုက်ဘူး။ ကျွန်တော်တို့လဲ လေကြောင်းက အချိန်မှီပစ်ကူလာတော့ အကာကွယ်ယူနေရတယ် စစ်ခွေး အချင်းချင်း ထမ်းပိုးသွားကြတယ်။ နမခ နဲ့နီးတော့ လေကြောင်းကရောက်လာတာမြန်တယ်” ဟု PDF ထောက်ပို့ ပြည်သူ့တပ်သား အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို PDF ထောက်ပို့ ပြည်သူ့တပ်သား ၊ ဆားလင်းကြီးပကဖ၊ ယင်းမာပင်တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၇ ဦးသေဆုံးပြီး ကျည်တချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျောက်ပန်တောင်းမြို့နယ်အတွင်းရှိ စမ်းတွင်းကြီးဘက်ကို ဦးတည် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၇ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ကျည်တချို့များ သိမ်ဆည်းရမိခဲ့ကြောင်းသိရှိရသည်။
“စစ်ကြောင်းမှူးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တဲ့ စစ်ခွေး ၆ ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးတယ်။ စစ်ခွေး ၃ ဦးထိခိုက်ဒဏ်ရာရပါတယ်။ စစ်ခွေးဘက်ကတော့ 5. 56 ကျည် ၅၀ သိမ်းဆည်းရမိတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (L.P.D.F) ၊ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယင်း ၄ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။




