ရန်ကုန်၊ မတ် ၁၆
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော နေရာသော တဲများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် တန့်ဆည်မြို့နယ်၊ ရေရှင်ရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သောတဲများကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး နေရာတင် ပွဲချင်ပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ရှောင်တဲများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“ရေရှင်ရွာနားက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တောတဲတွေကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၁ ဦး သေဆုံးပြီး တဲတွေလည်း ထိခိုက်ပျက်စီးတယ်လို့ သိရတယ်။ အနည်းငယ် ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကိုအကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ကျောက်ကြီးမြို့နယ်၊ ကန်ကလေးရှိ အကြမ်းဖက်စစ်တပ်က ကညင်ကျွန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကညင်ကျွန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၅ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ရွှေကျင်မြို့နယ်၌ အကြမ်းဖက် စစ်တပ်က ကောက်မဲ့သူကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၃၂ နှစ်အရွယ် ကျော်ဇော်လင်း ဗုံးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ထိုကာလများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ရုံသာမက ရွေးကောက်ပွဲ နောက်ပိုင်း ကာလများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။






