28 C
Yangon

တောင်သာနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို ကြားဖြတ်တိုက်ပွဲမှု စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးရွာအနီးသို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Popa Guerilla Force အဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်း-မြင်းခြံလမ်းပိုင်းပေါ်ရှိ အေးရွာအနီးသို့ ထွက်လာသော အင်အား ၁၅၀ ဝန်းကျင်ခန့်ပါ ဖောကား ၄ စီးကို ပုပ္ပါးပြောက်ကျားတပ်ဖွဲ့က ကျောက်ပန်းတောင်း – ဝဲလောင် လမ်းပိုင်း တနေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ဖောကား ၂ စီးနှင့် စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စစ်ခွေးထပ်တိုးသေဆုံးတာမျိုး ကျွန်တော် ဆက်လက်စုံစမ်းဆဲပါ။ စစ်ခွေးဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးကတော့မရှိဘူး။ စစ်ခွေး အင်အားက ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ နောက်မှရောက်လာတဲ့ ဖောကား ၂ စီးကလည်း အင်အား ၅၀ကျော်လောက်တော့ရှိမယ်” ဟု Popa Guerilla Force အဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ မြိုင်မြို့သို့ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ညီညွတ်ရေးတပ်ပေါင်းစုမှ ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်း၊ တပ်မ ၁၀၁ လက်အောက်ခံ အကြမ်းဖက် စစ်တပ်၏ ရေစကြိုမြို့ အခြေစိုက်တပ်ရင်း ၂၅၆ နှင့် ၂၅၇ တပ်ရင်းများမှ အင်အား ၁၃၀ ခန့်ဖြင့် မြိုင်မြို့သို့ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲဖြစ်ပွားချိန်သည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်ဦးမှုရယူ၍ တိုက်ခိုက်နိုင်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက်က မျက်စိရှေ့တင်ကျဆုံးသွားတာမြင်တွေ့ရတယ်။ မြိုင် စက်မှု ၂ ကို ပခုက္ကူ တပ်မ ၁၀၁ ကနေ Mi-17 နဲ့ ဒဏ်ရာရလူနာတွေကို လာခေါ်သွားတယ်လို့ ကြားတယ်။ စစ်ခွေးတွေဘက်က သေဆုံးစရင်းကတော့ ထပ်မသိရဘူး။ လက်နက် ခဲယမ်း သိမ်းဆည်း ရမိတာမျိုး မရှိဘူး။ ကျနော်တို့ဘက်က ကျည်အားနည်းလို့ပြန်ဆုတ်ခဲ့ရတာပါ။ အဲ့စစ်ခွေးစစ်ကြောင်းက မြိုင် စက်မှု ၂ ထဲမှာပဲ ရှိနေသေးတယ်။ ကြားဖြတ်တိုက်ခိုက်တာက မြိုင်မြို့နယ် ထနောင်းခလရွာ အနောက်ဘက် ဒေသခေါ် နတ်ဆင်တောရိုးတောတဲတိုက်မှာပါ။ ကျနော်တို့ဘက်ကလဲ ရဲဘော် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်” ဟု မြိုင်ညီညွတ်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု ၊ မြိုင် ပကဖ ၊ မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ (MRG) ၊ ပခုက္ကူခရိုင်တပိရင်း ၂ ၊ ၆ ၊ ၁၅ ၊ ၁၇ တို့မှ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article