ရန်ကုန်၊ မတ် ၁၇
အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်နိုင်ငံ သား ၁ ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦး စုစုပေါင်း နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။
အဆိုပါ နိုင်ငံခြားသားများကို အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မ ၁၈ အရ အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။
အဆိုပါနိုင်ငံခြားသားများမှာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီးနောက်၊ မြန်မာနိုင်ငံဘက်ခြမ်းသို့ ကူးသွားကာ အိန္ဒိယအစိုးရအား ဆန့်ကျင်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထို့အပြင် အဆိုပါနိုင်ငံခြားသားများမှာ ဥရောပတိုက်မှ ဒရုန်းများကို မီဇိုရမ်ပြည်နယ်သို့ တိုက်ရိုက်မှာယူခဲ့ပြီး၊ အဆိုပါ ဒရုန်းများကို နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်သွားခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းစဉ် လတ်နောင်း (Lucknow)၊ ဒေလီ (Delhi) နှင့် ကာလ်ကတ္တား (Kolkata) လေဆိပ် များတွင် အသီးသီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တနင်္လာနေ့က ပြုလုပ်သော တရားရုံးကြားနာမှုတွင် နိုင်ငံခြားသား ၇ ဦးကို စစ်ဆေးမေးမြန်းရန်အတွက် NIA အဖွဲ့က ၁၁ ရက် ကြာ ထိန်းသိမ်းခွင့် ရရှိထားသည်။
သို့ရာတွင် တရားခံများဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေကမူ ယခုဖမ်းဆီးမှုသည် ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ပါ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ တရားမဝင် ဖမ်းဆီးခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
လက်ရှိတွင် NIA အနေဖြင့် အဆိုပါ နိုင်ငံခြားသားများ မြန်မာဘက်ရှိ မည်သည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။




