ရန်ကုန်၊ မတ် ၁၇
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့်ထီးလင်းမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးနှင့်မိခင်ဖြစ်သူတို့သေဆုံးပြီး သားအဖနှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူတောရနယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ ဦး ဗုံးစထိမှန်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းလေးနှင့် အသက် ၅၀ အရွယ်မိခင်ဖြစ်သူတို့သေဆုံးကာ ဖခင် ဖြစ်သူနှင့် အမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်နေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဂျက်ဖိုက်တာ ၆ စီးနဲ့လာပြီး ဗုံးကျဲသွားတာ၊ ၈ ကြိမ်လောက်ရှိတယ်။ မိသားစု ဝင် ၄ ဦး လုံးထိခိုက်တာ၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးသေတယ်။ မိခင်ဖြစ်သူလည်း သေ တယ်၊ အမဖြစ်သူက ခြေ ထောက်ဖြတ်ရမယ်၊ ဖခင်ဖြစ်သူကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။ပြည်သူ လူထုကို ပစ်မှတ် ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သွားတာဖြစ်ပါတယ်” ဟု ယောအလင်း တန်းမှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ မတ်လ ၁၆ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က ထီးလင်းမြို့နယ်တောင်ပိုင်းတနေရာကို စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပြီး ထိခိုက် ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်အတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူ များအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလိုက်နာနေထိုင်ပေးကြပါရန် နှင့် ဗုံးခိုကျင်းများခိုင်ခိုင်မာမာတူးထားကြပါရန် ယောအလင်းတန်းက မေတ္တာရပ်ခံတိုက်တွန်းထား သည်။
ဓာတ်ပုံ- စစ်တပ်က မတ်လ ၁၅ ရက်နေ့ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျှောဖောင်များကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။




