ရန်ကုန်၊ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ အမှတ် ၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ -ကပစ ၁၅တပ်က အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် အင်တောသာကျေးရွာ မီး လောင် ပြာကျပြီး ပြည်သူ ၇,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့မှစတင်၍ စစ်တပ်က ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် ၃ ရက်ရှိလာပြီဖြစ်ကြောင်း ၊ ထိုသို့ ပစ်ခတ်မှုကြောင့် အင်တောသာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ရွာလယ်ခေါင်မှစ၍ နေအိမ်များ မီးလောင်ပြာကျ ပျက်စီးလျက်ရှိကြောင်း၊ ကပစ ၁၅ က ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင် စစ်တပ်က ၁၂၂ မမ လက်နက်ကြီး အလုံး ၃၀ ဝန်းကျင်၊ မတ်လ ၁၆ ရက်နေ့တွင် လက်နက်ကြီး ၇ လုံး၊ ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှစ၍ လက် နက်ကြီး ၁၃ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ပစ်ခတ်မှုတွင် လက်နက်ကြီးကျည်သည် အင်တောသာကျေးရွာအတွင်း ကျရောက်ခဲ့ပြီး နေအိမ်များ မီးလောင်ကျွမ်းလျက်ရှိရာ ယခုအချိန်ထိ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က၏ ပစ်ခတ်မှုကြောင့် အင်တောသာ၊ အင်းရွာကြီး၊ ကျောက်ဆောင်း၊ ဆင်တုတ်၊ ကန်စွန်းအင်း၊ ချင်းကုန်းကြီး၊ စီရွာ၊ ကျားမွေး၊ ဆေးပုလဲ အစရှိသည့် ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ပြည်သူ ၇,၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း၊ ပြည်သူများ ထိခိုက်သေဆုံးမှု သတင်းမရရှိသေးသော်လည်း ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်သော နွားနှင့် တိရစ္ဆာန်အများအပြား သေဆုံးခဲ့ရကြောင်း သိရှိရသည်။
အညာနွေ၏ ပြင်းထန်သော အပူရှိန်အောက်တွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာများ၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိသည်။
“တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ ၃ ရက်ရှိပြီ။ ဒီနေ့ အင်တောသာရွာ မီးလောင်နေတာ အခုထိပဲ။ လူတွေကတော့ အပူရှိန်အောက်မှာ ပြေးနေရတော့ သောက်ရေနဲ့ စားစရာ တော် တော်ခက်ခဲနေတယ်” ဟု ကိုယ်တိုင်စစ်ဘေးရှောင်နေရသည့် ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာခြင်းမရှိသေးသော်လည်း လက်နက်ကြီး အန္တရာယ်ကြောင့် ဒေသခံများမှာ ရွာအတွင်းသို့ ပြန်လည် မဝင်ရောက်နိုင်သေးဘဲ စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရသည်။




