30 C
Yangon

ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမပေါ်မှ KIA ဂိတ်စခန်းများကို MNDAA က ဖယ်ရှားခိုင်းသည်ဆိုသော သတင်းများကို KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ငြင်းဆို

Must read

ရန်ကုန်၊ မတ် ၁၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှ KIA ဂိတ်စခန်းများကို MNDAA က ဖယ်ရှားခိုင်းသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ KIO ဗဟိုအနေဖြင့် မည်သည့်သတင်းအချက်အလက်မှ မရရှိထား​ကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုလိုက်သည်။

ယနေ့တွင် ပြည်ထောင်စုလမ်းမပေါ်မှ KIA ဂိတ်စခန်းများကို MNDAA က ဖယ်ရှားခိုင်းသည်ဆိုသော သတင်းများ အကြီး အကျယ် ထွက်ပေါ်နေပြီး ယင်းသတင်းများနှင့်ပတ်သက်၍ မှန်ကန်ခြင်းရှိ၊ မရှိ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက လက်ရှိအချိန်အထိ KIO စခန်းနှင့် ဂိတ်များ ဆက်လက်တည်ရှိနေကြောင်း ပြောဆိုသည်။

“အဲဒါနဲ့ပတ်သက်လို့ ဗဟိုကို အကြောင်းကြားခြင်းမရှိပါဘူး။ ရှေ့တန်းမှာ သွားပြောတာမျိုးတော့ ရှိ၊ မရှိတော့မသိပါဘူး။ ဒါပေမယ့် KIO/KIAဗဟိုကို ဂိတ်တွေ စခန်းတွေ ဖယ်ပေးဖို့ ပြောတာမရှိပါဘူး။ စခန်းတွေလည်း ဒီအတိုင်းပဲရှိနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ MNDAA က ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ KIA ဂိတ်များကို ဖယ်ရှားရန် လိုက်လံပြောဆိုနေခြင်းဖြစ် သည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း MNDAA ဘက်ကလည်း ယင်းသတင်းကို အတည်ပြုခြင်းမရှိပေ။

မတ်လ ၁၄ ရက်နေ့က မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် အချင်းချင်းဖြစ်သော MNDAA နှင့် TNLA တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို MNDAA က သိမ်းပိုက်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၇ ရက်နေ့တွင် လောက်ကိုင်မြို့တွင် TNLA နှင့် MNDAA တို့အကြား တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article