ရန်ကုန်၊ မတ် ၁၇
ပဲခူးတိုင်း၊ နတ်လင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာ၌ အထိုင်ချတပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖလံပင်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်းအထိနာခဲ့သော စစ်တပ်က ဖလံပင်ရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူ ၃ ဦး ပစ်သတ်ခဲ့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းကလည်း ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် ပစ်သတ်ခဲ့သော ပြည်သူ ၃ ဦးမှာ ဖလံပင်ရွာမှ အသက် ၄၈ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၅ နှစ်အရွယ် ဦးချစ်ထွန်းနှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ရီ တို့ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ၅ ဦးမှာ ဖလံပင်ရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်ကေသီနှင့် ဦးဖိုးကုန်း တို့၏ မိသားစုဝင် ၄ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
“နတ်တလင်း၊ ဖလံပင်ရွာဘက်ကို စစ်ခွေးတွေ စစ်ကြောင်းထိုးလာလို့ PDF တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲမှာ ခွေးတွေ အထိနာလို့ ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်တယ်။ နောက်ပြီး ရွာထဲက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူက ၅ ဦးရှိပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိအချိန် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ရှားစေးဖိုကျေးရွာ၊ ဖလံပင်ကျေးရွာ၊ သရက်ပုဂံရိုးကျေးရွာ၊ ငုတ်တိုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ခွေးသေကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။




