30 C
Yangon

မြင်းခြံနှင့်ယင်းမာပင်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ရွာများကို မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ မတ် ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင်းခြံမြို့နယ်၊ ပတ္တာရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ ၁၀ ခုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် မတ်လ ၇ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာကာ အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာ၊ ရွှေညောင်ပင်ရွာ၊ ပတ္တာရွာ၊ ခေါင်းကွဲရွာ၊ သင်္ဘောတင်ရွာ၊ မြောက်ကျွန်းရွာ၊ တောင်ကျွန်းရွာနှင့် ကမ်းပါးနီရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကာ PDF တပ်များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ပတ္တာရွာ ဘက်ကို ပြန်လှည်လာလို့ တိုက်ပွဲဖြစ်နေတာ နံနက်ပိုင်းတည်းက တိုက်ပွဲစဖြစ်နေတာ အဲစစ်ခွေးစစ်ကြောင်းက ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ခဲ့တဲ့ ကောင်တွေပါ။ အခုထိ ရွာတွေထဲက ပြန်မထွက်သေးဘူး။ ကျေးရွာတွေကို ပတ်သွားနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများပါ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် စားတော်ပြင်ရွာနှင့် လက်လှုပ်ရွာ အကြားကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ယင်းမာပင်နယ် စားတော်ပြင်ရွာနဲ့ လက်လှုပ်ရွာ အကြားရောက်လာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာ တော်တော်များတယ်။ ဒီနေ့ထိတော့ စစ်ခွေးစစ်ကြောင်းက ငြိမ်နေသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်လှုပ်ရွာနှင့် စားတော်ပြင်ရွာများတွင် တပ်ဖြန့်၍ တပ်စွဲထားကြောင်း၊ ပြောင်းပြာရွာ၊ လက်လှုပ်ရွာ ၊ စားတော်ပြင်ရွာ၊ ကုန်းရွာ၊ ဇီးတော တောင်ရွာ၊ ဇီးတော မြောက်ရွာ၊ အုန်းတောရွာ၊ ရုံးလေးပင်ရွာနှင့် နုံးရွာ မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article