30 C
Yangon

မြန်မာ့မြေရှားသတ္တုကို နိုင်ငံတကာက အာရုံစိုက်နေပြီး တရုတ်အပေါ် မှီခိုနေရမှုကို တန်ပြန်နိုင်သော ရင်းမြစ်တစ်ခုအဖြစ် အလားအလာများလာနေ

Must read

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံ၏ မြေရှားသတ္တု ထွက်ရှိမှုသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိနေသော်လည်း ယင်းအလားအလာကို တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက်တစ်ခုအဖြစ် ပြောင်းလဲရန်မှာမူ လမ်းခရီးတွင် စိန်ခေါ်မှုများစွာ ရှိနေပြီး တရုတ်အပေါ် မှီခိုနေမှုကို လျှော့ချနိုင်သော ရင်းမြစ်စ်ခုအဖြစ် စိတ်ဝင်စားလာကြကြောင်း Geopolitical Intelligence Services-GISက ပြောသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခအပြင်းထန်ဆုံး ဒေသများသည် သဘာဝသယံဇာတ ကြွယ်ဝသော ဒေသများဖြစ်နေပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက ထိုသတ္တုတွင်းများကို ထိန်းချုပ်ထားကြောင်း၊ မြန်မာ နိုင်ငံသည် နည်းပညာမြင့်လုပ်ငန်းများတွင် အသုံးပြုသည့် “အကြီးစားမြေရှားသတ္တု” (Heavy Rare Earths) များကို အဓိကထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်ကြောင်း၊ သတ္တုသိုက်အများစုမှာ စစ်တပ်၏ ထိန်းချုပ်မှုပြင်ပတွင်ရှိပြီး လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေတွင်ရှိနေကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်နှင့် အခြေခံအဆောက်အအုံ အားနည်းချက်များက မြေရှားသတ္တု စဉ်ဆက်မပြတ် ရရှိရေးထောက်ပံ့ရေးလမ်းကြောင်း ဖြန့်ကြက်မှုကို ခက်ခဲစေကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ထွက်ပေါ်လာသော သတင်းများအရ မြန်မာ့မြေရှားသတ္တုများကို ရရှိရန် မြန်မာစစ်တပ် သို့မဟုတ် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် အဆို ပြု ချက်များ ရှိလာခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး စစ်တပ်က နိုင်ငံတကာ၏ ဖယ်ကျဉ်ထားမှုနှင့် အထီး ကျန်မှုကို ကုစားရန် နည်းလမ်းများ ရှာဖွေနေကြောင်း၊ တရုတ်နှင့် အမေရိကန်တို့၏ အရေးပါသော မြေရှားသတ္တု ရရှိရေးအတွက် ပြိုင်ဆိုင်မှုတွင် မြန်မာနိုင်ငံသည် ရေတိုသဘောတူညီချက်များအတွက် အခွင့်အလမ်းကောင်းဟု ထင်ရသော်လည်း ရေရှည်အတွက်မူ အလွန်ပင် ရှုပ်ထွေးခက်ခဲနိုင်ကြောင်း GIS က ထောက်ပြသည်။

မြန်မာနိုင်ငံ၏ မြေရှားသတ္တု အလားအလာသည် အလွန်ပင် ကြီးမားကြောင်း၊ မကြာသေးမီ စစ်တမ်းများအရ လျှပ်စစ်ကားများနှင့် တိကျသော လမ်းညွှန်စနစ်များတွင် အသုံးပြုသည့် သံလိုက်များထုတ်လုပ်ရန် လိုအပ်သောမြေရှားသတ္တု ထွက်ရှိမှုတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယနေရာတွင် ရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု တူးဖော်မှု၏ ၆၀ ရာခိုင်နှုန်းနှင့် သံလိုက်ပစ္စည်း ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း၊ ယင်းသို့ တစ်နိုင်ငံတည်းတွင် စုပြုံနေမှုက ထောက်ပံ့ရေးလမ်းကြောင်းကို နိုင်ငံရေးအရ လက်နက်သဖွယ် အသုံးချခံရနိုင်သည့် စိုးရိမ်မှုကို မြင့်တက်စေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် အလားအလာရှိသော ရင်းမြစ်တစ်ခု ဖြစ်လာခဲ့ကြောငး GIS က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့မြေရှားသတ္တု ကဏ္ဍကို ပိုမိုစောင့်ကြည့်လာကြပြီး မြေရှား ထုတ်လုပ်မှုအများစုမှာ စစ်တပ်ထိန်းချုပ်မှုပြင်ပတွင် ရှိနေပြီး အထူးသဖြင့် တရုတ်နယ်စပ် ကချင်ပြည်နယ်ရှိ သတ္တုသိုက်အများစုကို ကချင်လွတ်လပ် ရေးအဖွဲ့ (KIO) က ထိန်းချုပ်ထားကာ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရှိရသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ (အထူးသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် – UWSA) ထိန်းချုပ်ရာဒေသများတွင်လည်း ရှားပါးမြေသတ္တု တူးဖော်မှုများ ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ သတ္တုတူးဖော်မှု လျော့ကျလာခြင်းနှင့် စည်းကမ်းတင်းကျပ်လာခြင်းတို့ကြောင့် မြန်မာ့မြေရှားသတ္တုကို တရုတ်သို့ တင်ပို့မှုသည် အဆမတန် မြင့်တက်လာခဲ့ကြောင်း၊ ယင်းသည် ဒေါ်လာဘီလီယံချီသော စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်နေပြီး တရုတ်၏ နှစ်စဉ်မြေရှားသတ္တု တင်သွင်းမှု၏ သုံးပုံနှစ်ပုံခန့်မှာ မြန်မာနိုင်ငံမှ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း စနစ်တကျ ထိန်းကျောင်းမှုမရှိသည့် မြေရှားသတ္တုတူးဖော်ရေးအတွင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းမှုစံနှုန်း နှင့် လုပ်သားစံနှုန်းများ မရှိခြင်းများကြောင့် နိုင်ငံတစ်ခုလုံးအတွက် စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း GIS က ဆက်ပြောသည်။

မြေရှားသတ္တုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် မြန်မာနိုင်ငံအကြား ဖြစ်နိုင်ခြေရှိသော အခြေအနေများ ရှိနေပြီး ယင်းအခြေအနေများတွင် အကန့်အသတ်ရှိသော သဘောတူညီချက်များ ထွက်ပေါ်နိုင်ကြောင်း၊ နိုင်ငံ၏ ရေရှည်သာယာဝပြောရေးနှင့် လုံခြုံရေးကို ထည့်မတွက်ဘဲ ရေတိုအကျိုးအမြတ်အတွက်သာ သဘောတူညီချက်များ ပေါ်ပေါက်လာနိုင်ကြောင်း သိရှိရသည်။

မြေရှားကို သတ္တုများကို လက်နက်ကိုင် ကဲ့သို့သော အဖွဲ့များက အခွင့်အရေးကို အသုံးချကာ တရုတ်လုပ်ငန်းရှင်များနှင့် ပြန်လည်ညှိနှိုင်းမှုများ လုပ်လာနိုင်ကြောင်း၊ အိန္ဒိယကဲ့သို့ အိမ်နီးချင်းနိုင်ငံများလည်း မြန်မာ့ မြေရှားသတ္တု တူးဖော်ရေးတွင် ပါဝင်လာနိုင်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများက အတားအဆီး ဖြစ်နေဆဲဖြစ်သည်ဟု ထောက်ပြထားသည်။

ပြည်တွင်းစစ်ကြောင့် လမ်းကြောင်းမလုံခြုံခြင်း၊ အခြေခံအဆောက်အအုံ မရှိခြင်းတို့အပြင် KIO နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကိုလည်း ရှုပ်ထွေးစေနိုင်ကြောင်း၊ သို့သော်လည်း တရုတ်အပေါ် မှီခိုမှုလျှော့ချလိုသော နိုင်ငံများအတွက် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် ဆွဲဆောင်မှု ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပါက လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ မြေရှားသတ္တုကဏ္ဍကို နိုင်ငံရေးနှင့် စီးပွားရေး ရည်မှန်းချက်များအတွင်း စနစ်တကျ ထည့်သွင်းဆွေးနွေးလာနိုင်ကြောင်း၊ ဖက်ဒရယ်စနစ် ဆွေးနွေးမှုများတွင် သယံဇာတ ခွဲဝေမှုကိုပါ ထည့်သွင်းခြင်းဖြင့် ဒေသခံများ၏ အကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်လာနိုင်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ခြင်း မရှိပါက ရှားပါးမြေသတ္တုများသည် “သယံဇာတ ကျိန်စာ” (Resource Curse) အဖြစ် ပြောင်းလဲသွားနိုင်ပြီး ပဋိပက္ခများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက နယ်မြေထိန်းချုပ်မှု အားနည်းနေခြင်းနှင့် မြေရှားသတ္တု၏ အရေးပါမှုတို့ကြောင့် ဤအခြေအနေမှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ကြောင်း၊ သို့သော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု (သစ်တောပြုန်းတီးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မြေဆီလွှာတိုက်စားခြင်း) နှင့် ပြည်သူ့ကျန်းမာရေး ထိခိုက်မှုများကြောင့် ပြည်တွင်း၊ ပြည်ပမှ ပြင်းထန်သော တုံ့ပြန်မှုများ ရှိလာပါက ပြောင်းလဲသွားနိုင်ကြောင်း၊ ဥပမာ – ရှမ်းပြည်နယ်မှ ရေထုညစ်ညမ်းမှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက ဝေဖန်မှုများ ပြုလုပ်လာခြင်းမျိုး ဖြစ်ကြောင်း GIS က ထောက်ပြသည်။

စစ်တပ်က မတရား စစ် အာဏာသိမ်းထားခြင်း၊ စီးပွားရေး ချောက်ထဲကျနေခြင်းနှင့် သံတမန်ရေးအရ အားနည်းနေခြင်းတို့ကြောင့် မြန်မာ့အလားအလာမှာ မရေရာလှဘဲ မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်များသည် သတင်းခေါင်းကြီးပိုင်းများတွင် ပါလာနိုင်သော်လည်း လက်တွေ့တွင် အောင်မြင်သော ရလဒ်အဖြစ် ပြောင်းလဲရန် အတားအဆီးများစွာ ရှိနေကြောင်း သိရှိရသည်။

(GIS တွင် ယနေ့ ဖော်ပြထားသော Myanmar’s rare earth ambitionsကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article