ရန်ကုန်၊ မတ် ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မြောက်ပိုင်းရှိ ရွှေမျော လုပ်ကိုင်သည့် နေရာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အထိ တောင်ငူလေတပ်စခန်းဌာနချုပ်၊ မှော်ဘီလေတပ်စခန်း နှင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တို့မှ တက်လာသော ဂျက်ဖိုက်တာ ၄ စီးက ဘီးလင်းမြို့နယ် မြောက်ပိုင်းရှိ ရွှေမျောလုပ်ငန်းများကို ဗုံးကျဲ တိုက်ခိုက်ပြီး စက်လက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများပြားပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူ အားလုံး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးကတော့ တော်တော် ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ လေယာဥ်က ၄ စီးနဲ့ကျဲတာပါ။ နေအိမ်တွေပျက်စီးတယ်။ ရွာသားတွေလည်း ထိခိုက်ကြတယ်လို့ သိရတယ်။ စစ်ခွေးတွေ ဗုံးကျဲလို့ ဘီးလင်းမြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ ရွှေမျောလုပ်ငန်းနေရာက ပြည်သူ ၂၀၀ ကျော်လောက် ဘေးလွှတ်ရာကို ထွက်ပြေး တိမ်ရှောင်နေရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူများကပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း မိုင်းများထောင်ထားခဲ့သောကြောင့် ပြည်သူ ၁ ဦး မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စည်ဆွဲကျေးရွာ၌ ၃ လကျော်ကြာ အထိုင်ချတပ်စွဲထားသော ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ပခုက္ကူဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊ ထိုသို့ စစ်တပ် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ဘေးတိမ်းရှောင်နေသော အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးသည် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေထောက် ပြတ်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စည်ဆွဲကျေးရွာဘက်မှ ကပစ ၂၁ သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြန်လည်ပြုပြင်ရန် လာရောက်ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ၃ လကျော်ကြာ အထိုင်ချတပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်း အထိုင်ချ တပ်စွဲစဉ်က ကျေးရွာအတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်း၊ ကြက်၊ ဝက်များကို ဖမ်းဆီး စားသောက်ခြင်းနှင့် လျှပ်စစ်မီးကြိုးများကို ဖြတ်တောက်ပစ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွားသော်လည်း မီးကြိုးများ သွယ်တန်းနိုင်ခြင်းမရှိသေးသောကြောင့် နောက်တစ်ကြိမ် စစ်ကြောင်း ထပ်မံ ထိုးလာမည်ကို ပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




