30 C
Yangon

ပခုက္ကူမြို့မှ ပေါက်မြို့သို့ ထွက်လာသည့် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို လမ်းတစ်လျှောက် လိုက်လံ မိုင်းဆွဲတိုက်ခိုက်မှု ကားများ ထိခိုက်ပျက်စီးမှုရှိ၊ စစ်တပ်ကလည်း ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူ

Must read

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ပေါက်မြို့သို့ ထွက်လာသည့် အကြမ်းဖက် စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို လမ်းတစ်လျှောက် လိုက်လံ မိုင်းဆွဲတိုက်ခိုက်ရာ ကားများ ထိခိုက်ပျက်စီးမှုရှိပြီး စစ်တပ်ကလည်း ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့မှစတင်၍ ပခုက္ကူမြို့မှ ပေါက်မြို့အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးအတိုင်း ကားအစီးရေ ၁၈၂ စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ရိက္ခာယာတန်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ကားတချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့တွင် အဆိုပါ ယာဉ်တန်းမှ ကား အစီးရေ ၉၀ ကျော်သည် ပေါက်မြို့နယ် ယာကြီးပြင် ပျူစောထီးရွာကို ရောက်လာပြီး ပေါက်မြို့ဘက်သို့ ဆက်လက် ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“၁၂ ရက်နေ့ကနေစပြီး ပေါက်မြို့နယ်ထဲကို ဝင်လာတဲ့ စစ်ခွေးယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာရှိတယ်။ လမ်းပိုင်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာ ရှိတယ်။ ရိက္ခာတင်ကားတွေ တစစီ ဖြစ်သွားတာတွေလဲရှိတယ်။ ယာဉ်တန်းအနေနဲ့က ၁၈၂ စီးပါလာတာ ပေါက်မြို့နယ်ထဲကို ၉၀ ကျော်ပဲ ရောက်ရှိနေသေးတယ်။ ကြားဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်တာတွေမှာ စစ်ခွေးတွေဘက်က ထိခိုက်တာတွေရှိတယ်။ ပခုက္ကူ တပ်မ ၁၀၁ ကနေထွက်လာတဲ့ ယာဉ်တန်းတွေက စစ်သားတွေပါ။ လက်ရှိရောက်ရှိနေတာက ယာကြီးပြင်ပျူစောထီးရွာမှာ ရောက်နေတယ်။ ဒီနေ့မှာ ပေါက်မြို့ဘက်ကို ဝင်ဖို့ လုပ်နေတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်သားများသည် ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာစဉ် ကျေးရွာများအတွင်းရှိ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများကို လုယက်ခိုးယူနေကြောင်း၊ ပေါက်မြို့နယ်၊ သပြေရွာမှ ပြည်သူပိုင်ကားတစ်စီးနှင့် တခြားကျေးရွာမှ ရွှေထည်ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူသွားကာ ပြည်သူပိုင် ကြက်၊ ဝက်၊ ငှက်များကိုလည်း စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ကျေးရွာ ၁၀ ခုကျော်မှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“ပေါက်မြို့နယ်ထဲကို စဝင်လာတော့ ပြည်သူပိုင် နေအိမ်တွေကို ခိုးဝင်ပြီး ပြည်သူပိုင်ကားတွေကို ခိုးယူတာတွေရှိတယ်။ ပေါက်မြို့နယ် သပြေရွာက ကား ၁ စီးကို ခိုးယူသွားတာရှိတယ်။ ပြည်သူပိုင် ရွှေထည် ပစ္စည်းတွေကို ယူဆောင်သွားတယ်။ စစ်ခွေး စစ်ကြောင်းရှိနေတော့ ပေါက်နယ်ထဲကို လေကြောင်း တိုက်ခိုက်တာတွေက အများဆုံးပဲ ဘုန်ကြီးကျောင်းတွေကို တိုက်ခိုက်တာတွေရှိတယ်။ ပြည်သူတွေ ထိခိုက်တာမရှိပေမယ့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article