ရန်ကုန်၊ မတ် ၁၈
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ကာ ၅ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၃ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဖလံပင်ရွာနှင့် ရှားစေးဖိုရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို စစ်တပ် စစ်ကြောင်းသည် ဖလံပင်ရွာမှ အသက် ၄၈ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၅ နှစ်အရွယ် ဦးချစ်ထွန်းနှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ရီ တို့ကို ပစ်သတ်ခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်ကေသီနှင့် ဦးဖိုးကုန်း တို့၏ မိသားစုဝင် ၄ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀၀ ကျော်ရှိနေသော ဖလံပင်ရွာမှ နေအိမ် ၁၅၀ နီးပါး မီးလောင်ပြာကျကာ ရှားစေးဖိုရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများအနီး လှည့်ပတ်သွားလာနေဆဲဖြစ်ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းကြောင့် ယမန်နေ့ မတ်လ ၁၇ ရက်နေ့ကလည်း သရက်ပုဂံရိုးကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ရှားစေးဖိုကျေးရွာ၊ ဖလံပင်ကျေးရွာ၊ သရက်ပုဂံရိုးကျေးရွာ၊ ငုတ်တိုကျေးရွာ၊ ညောင်ဝိုင်းကျေးရွာနှင့် ခွေးသေကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့ကလည်း စစ်ခွေးတွေက သရက်ပုဂံရိုးကျေးရွာကို ထပ်မံမီးရှို့သွားတယ်။ ပြည်သူတွေလည်း အခုထိ တိမ်းရှောင်နေရတုန်းပဲ စစ်ခွေးစစ်ကြောင်းက ပြည်သူ ၃ ဦးကို ပစ်ခတ်ခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးထားတယ်။ လက်ရှိချိန်ထိ ပြည်သူတွေက ဘေးလွတ်ရာတိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







