ရန်ကုန်၊ မတ် ၁၈
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာတွင် စစ်တပ်က ၃ လခန့်အကြာတပ်စွဲခဲ့သည့် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ ကြောင်း Ayar Brother Force LPDF တပ်ဖွဲ့ တာဝန်ခံ ဖီးနစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအတွင်း ၃ လခန့်အကြာတပ်စွဲပြီး ဆိပ် ဖြူမြို့သို့ ပြန်ဆုတ်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းစစ်ကြောင်းကို Ayar Brother Force LPDF တပ်ဖွဲ့နှင့် စလင်းမြို့နယ်ပကဖ ဇုံ ၃ အဖွဲ့တို့ ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီးများဖြင့် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးပြီး ဖောကားဖြင့် သယ် ဆောင်သွားကြောင်း သိရှိရသည်။
“သူတို့က ကပစ ၂၁ ကို ပေးထားတဲ့ မီးလိုင်းကို လာပြင်တာ။ ၃ လကျော်ကျော် စည်ဆွဲကျေးရွာမှာ တပ်စွဲပြီး မီးလိုင်းပြင်ပြီးပြန်ဆုတ်လာတဲ့အချိန်မှာ ဆီးပစ်တာ။ အဓိကပစ်တာက ၆၀ မမ လက် နက်ကြီးနဲ့ အဓိကပစ်ခတ်ခဲ့တာပါ။ စစ်ကြောင်းရဲ့ တောင်ဘက်မြောက်ဘက် နှစ်ပွဲခွဲပြီးတော့ အလုံး ပေါင်း ၄၀ လောက်ရှိတယ်။ ထိခိုက်သေဆုံးမှုကတော့များတယ်၊ ဖောကားပေါ်တင်သွားတာ ဆိုတော့ အရေ အတွက်က မသိရဘူး။ ခြေထောက်ပြတ်တဲ့ ၃ ယောက်ကိုတော့ သုံးဘီးနဲ့တင်သွား တယ်။ တ ခြားသာမန်ဒဏ်ရာရတာတွေလည်းများတယ်။ ပတ်တီးစည်းတွေနဲ့တွေ့လိုက်တယ်လို့လည်း ဒေသခံ တွေက ပြောပြကြတယ်။” ဟု Ayar Brother Force LPDF တပ်ဖွဲ့ တာဝန်ခံ ဖီးနစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းစစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ သို့ ပေးထားသည့် လျှပ်စစ်မီးလိုင်းကို ပြုပြင်ရန် စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအတွင်းသို့ အင် အား ၃၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာပြီးတပ်စွဲခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးဝင်ရောက် လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက် ခဲ့ရာ ထိခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။
“သူတို့ ဒဏ်ရာရလို့သေတာတွေ၊ နင်းမိုင်းမိသေတာတွေ၊ ဒရုန်းနဲ့ချခံရတာ၊ လက်နက်ကြီးနဲ့ ထုခံရလို့ သေတဲ့ အလောင်းတွေကိုတော့ နီးစပ်ရာတွေနားမှာမြှုပ်သွားတယ်လို့ ပြောတယ်၊ လက်ရှိတော့ ရှာ ကြည့်နေတုန်း၊ ရှာလို့တော့ မတွေ့သေးဘူး။ တညောင် EPC ခွဲရုံထဲမှာလည်း လာပြီးတော့ မြှုပ်တာ တွေရှိတယ်။ တချို့ ဒဏ်ရာရတွေကိုလည်း ဆိပ်ဖြူဘက်ကို ပြန်ပို့တာတွေလည်းရှိတယ်။ သူတို့လာ တုန်းကတော့ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ အခုပြန်သွားတော့ ၁၅၀ ၊ ၂၀၀ ဝန်းကျင်လောက်ပဲ ပြန်ပါသွားတာ၊ စစ်ကြောင်းထဲနေထွက်ပြေး တာမျိုးလည်းရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေဆီကို လည်း လက်နက်ချအလင်းဝင်တွေလည်းရှိတယ်။ တချို့ကလည်း လက်နက်တော့ပါမလာဘူး။ လူပဲ ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။” ဟု ရဲဘော် ဖီးနစ်က ရှင်းပြသည်။
ကျေးရွာအတွင်း တပ်စွဲနေထိုင်စဉ် ပြည် သူပိုင်နေအိမ်များကို ဖောက်ထွင်း၍ ပြည်သူပိုင်ပစ္စည်းများ ကို ခိုးယူဖျက်ဆီးကာ ကြက်၊ ဘဲများကို လည်း သတ်ဖြတ်စားသောက်ခဲ့ကြောင်း၊ထို့အပြင် ကျေးရွာ အတွင်း၌ နင်;မိုင်းများလည်းထောင်ထားခဲ့သောကြောင့် စစ်ကြောင်းပြန်လည်ထွက်ခွာ ပြီးနောက် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သည့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး နင်းမိုင်းမိကာ ခြေ ထောက်တဖက်ဖြတ်တောက်ရမည့်အခြေအနေအထိ ပြင်းထန်ဒဏ်ရာရရှိထားကြောင်း၊ ထိုကြောင့် ကျေးရွာအတွင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်လျက်ရှိရာ နင်းမိုင်းအလုံး ၃၀ ခန့် သိမ်းဆည်းရရှိ ထားကြောင်း သိရသည်။
“နင်းမိုင်း အလုံး ၃၀ တွေ့ထားတယ်၊ ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း ဖောက်ထွင်းထားတာတွေ အများကြီးပါ၊ မီးရှို့မသွားရုံတမယ်ပဲ။ အကုန်လုံးဖွထားတာတော့ မွစာကြဲလို့ပဲ။ အိမ်တွေကတော့ ရ စရာ မရှိအောင်ဖျက်ဆီးထားတာ။ ကြက်တွေ၊ဘဲတွေက အစသတ်ဖြတ်ပြီးတော့ ချက်စားသွားကြ တာ။ လောလောဆယ်တော့ နယ်မြေရှင်းလင်းရေးလုပ်တုန်းဆိုတော့ ဝင်လို့ရတဲ့ရွာတွေတော့ရှိ တယ်။ အကုန်လုံးတော့ အဝင်မခိုင်းသေးဘူး။ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုပဲ ဂရု စိုက်ပါလို့ ပြောချင်ပါတယ်။” ဟု ရဲဘော် ဖီးနစ်က ရှင်းပြသည်။
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းဟုဆိုကာ ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။







