36 C
Yangon

အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ

Must read

ရန်ကုန်၊ မတ် ၁၈

အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့ နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ တပ်ကုန်းမြို့နယ်ထွေ/အုပ်က စာထုတ်ကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း၊ ၇ ရက်အတွင်း ဖျက်သိမ်းရမည်ဖြစ်ပြီး မဖျက်သိမ်းပါက အင်အားသုံး ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

အဆိုပါ အင်ပင်တောင်ရွာနှင့် မြောက်ရွာကိုလည်း ကြံ့ဖွတ်ပါတီမှ မောင်မောင်အုန်းက မဲဆွယ်ကာလတွင် လာရောက်ခဲ့ပြီး ၎င်းအနိုင်ရရှိပါက ကျေးရွာတိုးတက်ရေး လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့ကြောင်း၊ လက်ရှိချိန်တွင် မောင်မောင်အုန်းသည် အကြမ်းဖက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာသောအခါ ကျေးရွာပါ ဖျက်ဆီးခံရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အင်ပင်တောင်ရွာနဲ့ မြောက်ရွာက နေအိမ်အလုံး ၁၀၀ကျော်ကို ကျူးကျော်မြေမှာ နေတယ်ဆိုပြီး ၇ ရက်အတွင်း စစ်တပ်က အတင်းအဓမ္မ ဖယ်ခိုင်းနေပါတယ်။ ကျနော်တို့ နေလာတာကကြာပါပြီ ဘိုးဘွား အဆက်အမွေရလို့နေတာပါ။ နှစ် ၃၀ ကျော်ကနေ အခုလက်ရှိ ဆောက်နေတုန်း အိမ်တွေလည်းပါတယ်။ အမွေရလို့နေတဲ့ အိမ်တွေပါ ခြံမြေအဖြစ်နဲ့ဝယ်ပြီးနေတဲ့ အိမ်တွေလည်းပါပါတယ်။ ကြံ့ဖွတ် အမတ် မောင်မောင်အုန်း ရွာကိုလာပြီး မဲဆွယ်တော့ ရွာကို တိုးတတ်အောင်လုပ်ပေးမယ်လို့ပြောသွားတယ်။ ခုသူလည်း အမတ်ဖြစ်သွားတော့ ကျူးကျော်မြေဆိုပြီးဖယ်ခိုင်းတယ်။ ရွာမှာရှိနေတဲ့ ဖွတ်ဘောမ တွေကလည်း အထက်ကခိုင်းတယ်ဆိုပြီး အကုန်လုပ်တယ်” ဟု ကျေးရွာနေပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ၇ ရက်အတွင်း ပြောင်းရွေ့ခြင်းမရှိပါက တည်ဆဲမြေယာဥပဒေများနှင့် အညီ ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ပြောင်းရွေ့နေထိုင်ရန် အခက်အခဲဖြစ်နေပြီး အများစုသည် စားဝတ်နေရေး ပြေလည်ခြင်းမရှိသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article