29 C
Yangon

ကော့ကရိတ်၊ ဒေါနတောင်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ထိခိုက်သေဆုံးမှုများပြား၍ လေယာဉ်၊ ဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ထိခိုက်သေဆုံးမှုများပြား၍ လေယာဉ်၊ ဒရုန်းများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ်မြို့နယ် မြောက်ခြမ်း ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၁၈ ရက်နေ့ထိ ဖြစ်ပွားနေကာ စစ်တပ် စစ်ကြောင်းက ရှေ့ဆက် တိုးနိုင်ခြင်းမရှိသောကြောင့် လေယာဉ်၊ ဒရုန်းများ အသုံးပြု၍ နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေပြီး မတ်လ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သားအလောင်းများကို ထားရှိခဲ့ကာ နောက်ပြန်ဆုတ်ပြေးသွားရကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲများအတွင်း ထွက်ပြေးသော စစ်မှုထမ်း တပ်သားသစ်များလည်းရှိပြီး စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးမှုများပါ လုပ်ဆောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က တပ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ပါက တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း သိရသည်။

“ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲတွေက ဆက်တိုက်ကို ဖြစ်နေတာပဲ ထိတွေ့မှုတွေမရှိရင်တောင် စစ်တပ် လေယာဉ်ကတော့ နေ့တိုင်းနီးပါးကို ဗုံးကျဲ တိုက်ခိုက်နေတာ မြေပြင် စစ်ကြောင်းက ရှေ့ဆက်မတိုးနိုင်လည်းပဲ စစ်မှုထမ်းတွေ ထပ်ဖြည့်ပြီး တိုးခိုင်းမယ်ထင်တယ်။ သူတို့ အင်အားဖြည့်ပြီး ထပ်တိုးလာရင်တော့ တိုက်ပွဲက ပြင်းထန်လာအုန်းမှာပဲ အခုထိတော့ အင်အားဖြည့်တာတွေ မတွေ့ရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့က ရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် တပ်ပျက်နေသော်လည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article