29 C
Yangon

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခုလကုန်တွင် တပ်ချုပ်ရာထူးမှ တရားဝင် အနားယူမည်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားကို နောက်ဆုံးတက်မည်ဟုဆို

Must read

ရန်ကုန်၊ မတ် ၁၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ယခု မတ်လကုန်တွင် တပ်ချုပ်ရာထူးမှ တရားဝင် အနားယူမည်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ ပြုလုပ်မည့် စစ်ရေးပြအခမ်းအနားကို နောက်ဆုံးအကြိမ် အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီမတ်လကုန်မှာ သူ တပ်ချုပ်ရာထူးကနေ နားပြီး မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ကို နောက်ဆုံးအကြိမ် တက်မယ်လို့ သိရတယ်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းမယ့် ဒုတိယသမ္မတ အဖြစ် စာရင်းမသွင်းမီ တပ်ချုပ်ရာထူးက နားမယ့်သဘောပဲ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်အတွင်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကို စစ်တပ်ဦးစီးချုပ် ရာထူး လွှဲပြောင်းရန် အလား အလာ များသည်ဟု ပြောဆိုမှုများရှိသော်လည်း လက်ရှိအချိန်အထိ မည်သူ့ကို လွှဲပြောင်းပေးမည်ကို အတိအကျ မသိရသေးကြောင်း၊ အကယ်၍ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်ရာထူး လွှဲပြောင်းခဲ့ပါကလည်း ရဲဝင်းဦး၊ ကျော်စွာလင်း အပါအဝင် မင်းအောင်လှိုင်၏ တပည့် လူယုံများစွာက စိုးဝင်းကို ဝန်းရံထားသဖြင့် တပ်ချုပ် ဖြစ်လာမည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းတွင် အာဏာအပြည့်အ၀ ချုပ်ကိုင်ခွင့်မရနိုင်သည့် အခြေအနေ ရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း တပ်ချုပ်ရာထူးကို မည်သူကို လွှဲပြောင်းမည်ဆိုသည်မှာ ယခုအချိန်အထိ စောင့်ကြည့်နေရဆဲဖြစ်ကြောင်း၊ အနီးကပ်မှ အပြောင်းအလဲဖြစ်နိုင်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လောလောဆယ်တော့ စိုးဝင်းကအသံထွက်လာပြန်ပြီ၊ ဒါပေမယ့်အခုနောက်ပိုင်းပြောလာတဲ့ အနေ အထားအရဆိုရင် တပ်ချုပ်က ၅ နှစ်သက်တမ်းပေါ့၊ အဲဒါကလည်း မင်းအောင်လှိုင်တုန်းက လည်း ပထမတော့ ၅ နှစ်သက်တမ်းဆိုပြီး သူတို့စီစဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းအောင်လှိုင်က အဲဒီ ၅ နှစ်သက်တမ်းကိုပဲ အာဏာရူးလိုက်တာ၊ အစိုးရသက်တမ်းတလျှောက်မှာပဲ ဒီတပ်ချုပ်က နေရမယ် ဆိုပြီးတော့ သန်းရွှေကနေ ဂိုက်လိုင်း ချခဲ့တာ၊ ဒါပေမယ့် မင်းအောင်လှိုင်ကနေစပြီး အဲဒီ ကလင်ဒါကို သူ့ဘာသူပဲဖောက်တာပဲ၊ အဲဒီတော့ နောက်တပ်ချုပ်တစ်ယောက်ကလည်း လာရင်ဖောက်ဦးမှာပဲ။ အခုလောလောဆယ်အနေအထားကတော့ စိုးဝင်းကို မတ်တပ်ရပ်တယ်၊ ပြောခဲ့တယ်ပေါ့၊ ကျေးဇူး တင်ကြောင်းလည်း ပြော တယ်၊ အခုတချို့သတင်းတွေကလည်း ထွက်လာဆိုတော့ စိုးဝင်းလည်း ဖြစ် တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်း တပ်ချုပ်ဖြစ်လာပါက အောက်လက်ငယ်သားများနှင့် အပတ်စဉ်ကွာဟမှုကြီးမားကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။

“ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အပတ်စဉ် ၂၂ ၊ အောက်မှာက ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်မယ့် ရဲဝင်းဦးက အပတ်စဉ် ၃၀ လောက်နဲ့ညီတဲ့သူ၊ အဲဒီတော့ တော်တော်လေးတော့ ဟနေတယ်၊ Generation က ဟနေတယ်၊ ပြီးရင်တိုင်းမှူးတွေကလည်း အပတ်စဉ် ၄၂ လောက်ကနေ သွားနေပြီ။ အဲဒီတော့ နှစ် ၂၀ လောက်ဟနေတယ်၊ နှစ် ၂၀ လောက်ဟနေတဲ့ အခင်းအကျင်းကတော့ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မျိုးဆက်ပြတ်သွားတဲ့ ပုံစံမျိုးဖြစ်တာ၊ မျိုးဆက်ပြတ်သွားတဲ့ ပုံစံမျိုးကို သွားတွေ့ရတယ်။ အဲဒီတော့ အနည်းဆုံး ကျော်စွာလင်းတို့ ရဲဝင်းဦးတို့ အခုလောလော ဆယ်မျက်လုံးထဲမြင်နေရတာ၊ သူတို့ပဲဖြစ်လိမ့်မယ်လို့တော့ ထင်တယ်။ နို့မို့ဆိုရင် တပ်ချုပ်နဲ့ အောက်က တကယ့် တကယ် မြေပြင်ပေါ့၊ ဧရိယာကွန်မန်ဒါတွေ ၊ တကယ့်တကယ်က တပ်ချုပ်ရယ် ၊ တိုင်းမှူးရယ်၊ တပ်ရင်းမှူးရယ်ကပဲ ကွန်မန်ဒါလို့ခေါ်တာကိုး၊ အဲဒီတော့ Generation အရမ်းကြီး ဟသွားအောင်မျိုးလောက်တော့ ဖြစ်သွားမှာပေါ့၊ ဖြစ်သွားမှာဆိုတော့ တပ်က ထိန်းကျောင်းမှုက အရမ်းခဲယဉ်းသွားပြီ။ စစ်တပ်ကိုလည်း ပုံစံပြောင်းချင်တာဖြစ်တဲ့အတွက် စိုးဝင်းကိုတော့ မထား လောက်ဘူးလို့ ကျနော်တို့အမြင်နဲ့တော့ မြင်ရတယ်၊ ဒါပေမယ့် ဒီမင်းအောင်လှိုင်ကတော့လည်း အရူးဆိုတော့ ကျနော်တို့မှန်းရလောက်တဲ့သူတွေပါ လိုက်ပြီးရူးရသလို ဖြစ်တယ်။ မှန်းရတော့ခက်တယ်။ အဲဒီတော့ ဒီလူ့စကားကတော့ အရူးစကားလို့ပဲ။ အခင်းအကျင်း အရဆိုရင် စိုးဝင်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် သူက မဖြစ်လည်း သူ့စိတ်ထဲမှာပဲရှိတာကိုး၊ အဲဒီအနေ အထားမျိုးပဲ လောလောဆယ်တော့ သုံးသပ်လို့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အခြားစစ်ဘက်သတင်းရင်းမြစ်တစ်ခုကမူ ဒုစစ်ခေါင်းဆောင် စိုးဝင်းအနေဖြင့် တပ်ချုပ်ရာထူးကို ၂ နှစ်ခွဲခန့်သာ တာဝန်ယူပြီး ရာထူးမှ အနားယူရဖွယ်ရှိကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article