29 C
Yangon

မင်းကင်းတွင် ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦး အရှင်ဖမ်းမိ၊ ကျောက်ကြီးတွင်လည်း စစ်မှုထမ်းတပ်သားသစ် ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ပျူစောထီးများကို တိုက်ခိုက်ရာ ပျူစောထီး သန်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က ပြောဆိုသည်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ မင်းရွာမှ ထွက်လာသော ပျူစောထီးများနှင့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အဖွဲ့မှ ကင်းလှည့်စဉ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း မင်းရွာမှ ပျူစောထီး သန်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ပြီး နင်းမိုင်း ၁ လုံးကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) မှ အဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မင်းရွာနှင့် အင်ကြင်းတောင်ရွာတို့မှ ထွက်လာသော ပျူစောထီးအင်အား ၃၀ ခန့်နှင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များ ထောင်ထားသည့် မိုင်းနင်းမိကာ ပျူစောထီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် စစ်မျက်နှာ အရပ်ရပ်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနေသောကြောင့် ပြည်သူများအနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခလရ ၆၀ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၁၆ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၆၀ တပ်ရင်းမှ စစ်မှုးထမ်းတပ်သားသစ် အသက် ၂၇ နှစ်အရွယ် စောအယ်မေစေးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ထံသို့ လက်နက်ချအလင်း‌၀င်ရောက်လာကြောင်း၊ အဆိုပါ စစ်မှုထမ်းတပ်သားသစ်သည် ၎င်း၏ဆန္ဒမပါဘဲ အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်း၀င်ကြရန် KNU-ဗဟိုက တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article