27 C
Yangon

စစ်လေယာဉ်များအတွက် လေယာဉ်ဆီ ရရှိမှု ခက်ခဲလာသဖြင့် ရန်ကုန်လေဆိပ်တွင် ဆင်းသက်သည့် နိုင်ငံတကာကုန်တင်နှင့်ခရီးသည်တင်လေယာဉ်များကို လေယာဉ်ဆီမပေးတော့ဟု စစ်ကော်မရှင်က အကြောင်းကြား

Must read

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်တပ်လက်အောက်ရှိ ​စစ်လေယာဉ်များအတွက် လေယာဉ်ဆီ ရရှိမှု ခက်ခဲလာသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်သည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ကုန်တင်နှင့်ခရီးသည်တင်လေယာဉ်များကို လေယာဉ်ဆီ ပေးတော့မည်မဟုတ်ကြောင်း စစ်ကော်မရှင်က ယမန်နေ့ တရားဝင်အသိပေး အကြောင်းကြားသည်။

မတ်လ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်လက်အောက်ခံ NEPAS- Airport Depot Office (National Energy Puma Aviation Services)က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်သည့် ပြည်ပလေကြောင်းလိုင်းများမှ ကုန်တင်နှင့်ခရီးသည်တင်လေယာဉ်များအားလုံးကို လေယာဉ်ဆီပေး တော့မည်မဟုတ်ဟု အီးမေးလ်ဖြင့် တရားဝင် အသိပေးအကြောင်းကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ကစလို့ ရန်ကုန် လေဆိပ်မှာ ဆင်းနေတဲ့ ပြည်ပ ကုန်တင်နဲ့ ခရီးသည်တင် လေယာဥ်တွေကို ဆီမထည့်ပေးနိုင်တော့ဘူးလို့ NEPAS- Airport Depot Office ( National Energy Puma Aviation Services) က အီးမေးလ်နဲ့ တရားဝင် အကြောင်းကြားပါတယ်။ အဲဒီကုမ္ပဏီတွေနဲ့ တိုက်ရိုက် စာချုပ်ထားတဲ့ လေကြောင်းလိုင်းတွေကတော့ ခြွင်းချက်အနေနဲ့ ယာယီအားဖြင့် လေယာဉ်ဆီရသေးတယ်။ ဒါပေမယ့် ဒါကလည်း ခဏပါပဲ။ နောင်အဲဒီဟာလည်း ရပ်သွားမှာ။ အခုက လေယာဉ်ဆီ ခက်ခဲလာလို့ တစ်ဆင့်ခံလေကြောင်းလိုင်းတွေကို လေယာဉ်ဆီလုံး၀ မဖြည့်ပေးတော့ဘူး”ဟု လေယာဉ်ဆီတင်သွင်းနေသည့် Puma ကုမ္ပဏီ သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး အမေရိကန်-အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး ယခု သီတင်း ၃ ပတ်ကြာမြင့်လာသည်အထိ ဟော်မုခ်ရေလက်ကြား ပိတ်ဆို့နေခြင်းကြောင့် ရေနံတင်သင်္ဘောများ ထွက်ခွာခွင့်မရဘဲ လေယာဉ်ဆီ အပါအဝင် စက်သုံး လောင်စာဆီများ ကမ္ဘာတစ်ဝန်း ပြတ်လပ်နေကြောင်း၊ စျေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။

လေယာဉ်ဆီရရှိမှု ခက်ခဲလာသဖြင့် စစ်တပ်အတွင်းတွင်လည်း လေကြောင်းစစ်ဆင်ရေးလုပ်ဆောင်ရာ တွင် အရေးကြီးစစ်ဆင်ရေးများကိုသာ အဓိက လေကြောင်းပစ်ကူပေးရန် ညွှန်ကြားချက်များရှိနေကြောင်း၊ စက်တပ်လေထီးနှင့် Gyrocopter များကို ပိုမိုသုံးစွဲရန် စစ်ကော်မရှင်က တိုင်းစစ်ဌာနချုပ်များ ထံသို့ ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။

ယင်းအပြင် စစ်ကော်မရှင်လက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA၏ ပြည်တွင်းပြည်ပ ခရီးစဉ်များကိုလည်း လေယာဉ်ဆီ အခက်အခဲကြောင့် လျှော့ချပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article