မတ် ၁၉၊ ၂၀၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ပျူစောထီးကျေးရွာများနှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ အရေးပါသော ရုံးဌာန၊ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးနှင့် ဒရုန်းများအသုံးပြုကာ ဆက်တိုက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ အထိုင်ချတပ်စွဲထားသော ရှင်မကန်နှင့် အနောက်မကျီးကန် ပျူစောထီးရွာနှစ်ရွာကို မတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ရှင်မကန်ကျေးရွာရှိ ပျူစောထီးစခန်းကို ရှော့တိုက်ဒုံး ၃ လုံး၊ ညနေပိုင်းတွင် ၄ လုံးစီဖြင့် ပစ်ခတ်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး မီးလောင်မှုများဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။
COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကျွန်တော်တို့ စုံစမ်းဆဲပါ။ ရှင်မကန်ရွာဘက်ကတော့ ပစ်ခတ်နေချိန်အတွင်း မီးခိုးလုံးကြီးတွေ တက်လာတာတော့ ကျွန်တော်တို့ မြင်ရတယ်။ ဘယ်ကိုလောင်တာလဲတော့ မသိဘူးပေါ့နော်။ ရှင်မကန်ရွာက တားဂတ်တွေ အထိနာတာပါ။” ဟု ပြောဆိုသည်။
ထို့ပြင် မတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင်လည်း အနောက်မကျီးကန် ပျူစောထီးရွာ၌ အစည်းအဝေးပြုလုပ်မည်ဟု သတင်းရရှိသဖြင့် ရှော့တိုက်ဒုံး ၃ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။
COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူက “ပသစ (ပျူစောထီး) အထိုင်ရွာတွေအနေနဲ့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြည်သူများအတွက် ကာကွယ်ပေးကြပါ။ မဟုတ်ရင်တော့ အခုလို ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။
လက်ရှိတွင် ရှင်မကန်ရွာမှ ပျူစောထီးများသည် အောင်သာပျူစောထီးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး နယ်မြေအတွင်း စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါတိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ် ပကဖ COBRA ONE လက်နက်ကြီးတပ်ဖွဲ့နှင့် ဧရာဒေါင်းတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင်လည်း မတ်လ ၁၄ ရက်မှ ၁၇ ရက်အတွင်း စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ဝန်ထမ်းအိမ်ရာများကို T5 Wings ဒရုန်းတပ်ဖွဲ့က ၆၀ မမ ဗုံးသီးများဖြင့် အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်။
မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် တနင်္သာရီတိုင်း ရဲဝန်ထမ်းအိမ်ရာ၊ စုပေါင်းရုံးနှင့် စသုံးလုံးရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲများ ထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၇ ရက် နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့နယ်ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သလို၊ မြို့အဝင်ရှိ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကိုလည်း ယခုမတ်လအတွင်း အကြိမ်ကြိမ် ဗုံးကြဲခဲ့ကြောင်း T5 Wings အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းကလည်း သရက်ချောင်းမြို့နယ်ရှိ ခမရ (၄၀၃) တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။




