ရန်ကုန်၊ မတ် ၁၉
ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် ဗန်းမော်စစ်မျက်နှာတွင်လည်း နေ့စဉ် လေကြောင်းမှ ဗုံးကျဲပစ်ခတ်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် စစ်ကောင်စီ၏ Y12 လေယာဉ်က ဖားကန့်နယ်မြေအတွင်း ကင်းထောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် တိုက်လေ ယာဉ် ၂ စီးဖြင့် KIA တပ်မဟာ ၉ နယ်မြေအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖားကန့်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို ပစ်မှတ်ထား၍ လေ ကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည။
“ဖားကန့်မှာအကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာလည်း လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်နေတယ်။ မတ်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာလည်း Y12 ဗုံးကျဲ လေယာဉ်နဲ့ ပျံပြီးတော့ ကင်းထောက်သွားတယ်၊ ကင်းထောက်ပြီး ညပိုင်းပေါ့၊ မတ်လ ၁၈ ရက် မ နက် ၁ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသဘက်ကို ဗုံးကျဲသွားတယ်၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအချိန်အတွင်းတွင်လည်း မိုးညှင်းမြို့နယ်၊ နမ့်ချီမော်ဒေသရှိ KIA တပ်မဟာ ၈၊ တပ်ရင်း ၃၅ နယ်မြေကို တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲခဲ့သည့်အပြင် လေယာဉ်ပေါ်မှ ရော့ကတ်များဖြင့်ပါ ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ဗန်းမော်မြို့ တိုက်ပွဲစစ်မျက်နှာကိုလည်း မြစ်ကြီးနားလေတပ်၊ တံတားဦးလေတပ်နှင့် မကွေးလေတပ်တို့မှ နေ့စဉ် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း ၊ စစ်ကောင်စီသည် ဗန်းမော်စစ်မျက်နှာပြင်တွင် တိုက်ပွဲဖြစ်ပွားသည့်နေ့ရော၊ မဖြစ်သည့်နေ့များတွင်ပါ လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။
“မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာလည်း KIA တပ်မဟာ ၈ ၊ ရင်း ၃၅ ဒေသ၊ မိုးညှင်းမြို့နယ်၊ နမ့်ချီမော်ဒေသကိုလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ ဗုံးကျဲသွားတယ်၊ ပြီးရင်လေယာဉ်ပေါ်ကနေ ရော့ကတ်နဲ့ပစ်ခတ်သွားတယ်၊ ပြီးရင် ဗန်းမော်စစ် မျက်နှာပြင်ကိုလည်း အကြမ်းဖက်စစ်တပ်က နေ့တိုင်းပေါ့၊ တိုက်ပွဲဖြစ်တဲ့ နေရော၊ မဖြစ်တဲ့နေ့ရော နေ့တိုင်း ဗုံးကျဲပစ်ခတ်တိုက်တာရှိတယ်။ ဗန်းမော်စစ်မျက်နှာကိုတော့ မြစ်ကြီးနား၊ တံတားဦး ၊ မကွေးလေတပ် ဘက်တွေကနေ တက်လာတဲ့လေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှု တောက် လျှောက်လုပ်နေတာတွေရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
KIA စစ်ရေးသတင်းရင်းမြစ်၏အဆိုအရ စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း လေကြောင်းအားကိုးဖြင့်သာ တုံ့ပြန်နေပြီး ပြည်သူလူထုနှင့် KIA နယ်မြေများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေသော ပြည်သူ့များ၏ နေအိမ်တချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




