ရန်ကုန်၊ မတ် ၁၉
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဖက်ကာ-နမ့်ခမ်း လမ်းပိုင်းတွင် စစ်ဆေးရေး ဂိတ်များ ဖယ်ရှားထားသော် လည်း ခရီးသွားကားများသာ သွားလာခွင့်ပေးကာ ကုန်ကားများ သွားလာခွင့်မရသေးကြောင်း ခရီး သွား ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး နမ့်ဖက်ကာ-နမ့်ခမ်း လမ်းပိုင်းကို TNLA နှင့် MNDAA က ပြန်လည် ဖြတ်သန်းခွင့်ပြုခဲ့ပြီး ခရီးသွားကားများ သွားခွင့်ရပြီဖြစ်ကြောင်း၊ သို့သော် MNDAA ဘက်က ကုန် ကားများကို ဖြတ်သန်းခွင့်မပေးသေးဘဲ နမ့်ဖက်ကာ ဘက်တွေ ဆက်လက် ပိတ်မိနေဆဲဖြစ်ကြောင်း၊ TNLA ထိန်းချုပ်ထားသော နမ့်ခမ်းဘက်ခြမ်းမှ ကုန်ကားများပါ သွားလာခွင့်ပေးထားကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ မတ်လ ၁၆ ရက်နေ့တွင် MNDAA က ကွတ်ခိုင်မြို့ အပါအ၀င်မြို့နယ် တစ်ဝန်းလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် လောက်ကိုင်မြို့၌ TNLA နှင့် MNDAA နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှု အသေးစိတ် အခြေအနေကို မထုတ်ပြန်သေးသော်လည်း နမ့်ဖက်ကာ-နမ့်ခမ်း လမ်းပိုင်း ပြန်လည် သွားလာခွင့်ပြုခြင်းဖြစ်ကြောင်း၊ ထို့ပြင် မူဆယ် ၁၀၅ မိုင်မှ ကွတ်ခိုင်ဘက်ထိလည်း စစ်ဆေးရေးဂိတ်များ မရှိတော့ကြောင်း သိရသည်။
“လမ်းကတော့ ပွင့်သွားပြီ ပြောရမှာပေါ့။ နမ့်ခမ်းကတော့ ပလောင်ဘက်ခြမ်းပေါ့။ နမ့်ဖက်ကာ-နမ့်ခမ်းဆိုတာ ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတာပေါ့။ လားရှိုး-မူဆယ် လမ်းမကြီးမှာ နမ့်ဖက်ကာ ဆိုတာရှိတယ်။ အဲ နမ့်ဖက်ကာကနေ တောင်ကိုကျော်ပြီးတော့မှာ နမ့်ခမ်းဘက်ကိုရောက်တာ အဲလမ်းက ပိတ်ထားတယ်ဆိုပြီး ပြောကြတာ ပြန်ပွင့်တာ ၃ ရက်လောက်ရှိပြီ မူဆယ် ၁၀၅ မိုင်ကနေ ကွတ်ခိုင် အထိ လည်း ဘာစစ်ဆေးရေးဂိတ်မှ မရှိတော့ဘူး ဂိတ်တွေ အကုန်ဖြုတ်လိုက်ပြီ နမ့်ခမ်း ပလောင်ဘက်ခြမ်း ကတော့ ကုန်ကားတွေပါ ပေးသွားနေတယ်။ နမ့်ဖက်ကာဘက် ကိုးကန်းဘက်ကတော့ ဒီနေ့ နံနက်ပိုင်းထိ ကုန်ကားတွေ ပေးမသွားသေးဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော TNLA နှင့် MNDAA တို့အကြား ပဋိပက္ခကို ပြေလည်စေရေးအတွက် နှစ်ဖက်ခေါင်း ဆောင်များ လောက်ကိုင်တွင် တွေ့ဆုံလျက်ရှိကြောင်း၊ လက်ရှိ ဆွေးနွေးပွဲနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။






