ရန်ကုန်၊ မတ် ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် မတ်လ ၁၅ ရက်တာအတွင်း တိုက်ပွဲ ၄၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း KNU – မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။
မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း KNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ၄၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ၃၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူများထဲတွင် တပ်ကြပ် ၁ ဦး ပါဝင်ကြောင်း သိရသည်။
မတ်လ ၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ကောလောကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ နေရာတင် ပွဲချင်းပြီး သေဆုံးကာ ခင်ပွန်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် နှင့် အသက် ၂ နှစ်အရွယ် သမီးငယ်ဖြစ်သူတို့လည်း ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၈ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ဒွယ်လိုမြို့နယ်၊ နို့ဝီထရွာကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့်ထဲတွင် ကလေးငယ် ၁ ဦးလည်း ပါဝင်ကြောင်း၊ ထို့ပြင် နေအိမ် ၃ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၇ မိနစ်ခန့်တွင် ဖာပွန်ခရိုင် ဘူးသိုမြို့နယ်၊ နီဒိုထကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်သမ္မာကျမ်းစာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂၁ လုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒွယ်လိုးမြို့နယ်၊ မာလေးလာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများ အပါအဝင် ကား ၂ စီးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဒွယ်လိုးမြို့နယ် မာလေ့လာကျေးရွာအုပ်စုအတွင်းရှိ ထာလားခိုဒေသကို အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိလည်း KNU တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၉၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။




