စက်သုံးဆီအရောင်းဆိုင်များအားလုံးသို့ ဆီခွဲတမ်း အကြီးအကျယ် လျှော့ချလိုက်သဖြင့် ယနေ့မှစတင်၍ ဆီလျော့နည်းပြတ် လပ်မှုများ စတင်ဖြစ်ပေါ်နေ
ရန်ကုန်၊ မတ် ၂၀
မြန်မာတစ်နိုင်ငံလုံးရှိ ဆီဆိုင်များအားလုံးတွင် ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ဓာတ်ဆီနှင့် ဒီဇယ်စျေးများ တစ်လီတာလျှင် အနည်းဆုံး ၈၀၀ ကျပ်မှ ၁၃၀၀ ကျပ်ဝန်းကျင်အထိစျေးထိုးတက်ပြီး ဆီဆိုင်များအားလုံးတွင် နံနက် ၃ နာရီခွဲမှစတင်၍ ယာဉ်များ ကြိတ်ကြိတ်တိုး တန်းစီနေရကြောင်း ပြည်တွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ မတ်လ ၂၀ ရက်နေ့တွင် 92 ဓာတ်ဆီမှာ ငွေ ၇၈၀ ကျပ် ထိုးတက်သွားပြီး 92 တစ်လီတာလျှင် ငွေကျပ် ၃၆၁၀ ကျပ်၊ 95 ဓာတ်ဆီမှာမူ ငွေ ၉၂၀ ကျပ် ထိုးတက်သွားပြီး 95 တစ်လီတာလျှင် ငွေကျပ် ၃၈၅၀ ကျပ် ၊ ရိုးရိုး ဒီဇယ်ဆီမှာ ငွေကျပ် ၁၁၈၅ ကျပ် မြင့်တက်သွားပြီး ရိုးရိုးဒီဇယ်ဆီ တစ်လီတာလျှင် ငွေကျပ် ၄၃၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်မှာမူ ငွေကျပ် ၁၂၆၀ ကျပ် စျေးမြင့်တက်သွားပြီး ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၄၈၂၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။
စျေးနှုန်းမြင့်တက်မှုနှင့်အတူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ကြီး၊ ဘားအံမြို့ကြီးများတွင် နံနက် ၃ နာရီခွဲမှစတင်၍ စက်သုံးဆီ အရောင်းဆိုင်များအားလုံးတွင် ကားနှင့်ဆိုင်ကယ်များ အားလုံး ယာဉ်တန်းရှည်ကြီးများဖြင့် ကြိတ်ကြိတ်တိုး တန်းစီနေရကြောင်း သိရှိရသည်။
“စျေးလည်း တက်တယ်။ ကားတွေလည်း ကြိတ်ကြိတ်တိုးပဲ။ ဆိုင်ကယ်ဆိုရင် ၅၀၀၀ ဖိုးပဲ ရောင်းတော့တယ်။ ကားဆိုရင်တော့ ၄ သောင်းဖိုးပဲ ရောင်းပေးတယ်။”ဟု မန္တလေးမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့တွင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် ဆီရရှိရေး ကားများအားလုံး ကြိတ်ကြိတ်တိုး တန်းစီနေရသော်လည်း ဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးမည်ဟု သိရှိရကြောင်း တက္ကစီအငှားယာဉ်မောင်းများထံမှ သိရှိရသည်။
ရန်ကုန်တိုင်းအခြေစိုက် တစ်ပိုင်တစ်နိုင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကမူ ဆီဆိုင်များအားလုံး သို့ ဆီခွဲတမ်း အကြီး အကျယ် လျှော့ချလိုက်သဖြင့် ယနေ့မှစတင်၍ ဆီပြတ်လပ်မှု ဖြစ်ပေါနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရန်ကုန် စက်သုံးဆီဆိုင်များတွင် ကားများ ကြိတ်ကြိတ်တိုး တန်းစီနေစဉ်။




