35 C
Yangon

နိုင်ငံကူးလက်မှတ် ဥပဒေသစ်ထွက်ရှိထားသော်လည်း လတ်တလော ပြည်ပရှိ စစ်တပ်သံရုံးတွင် UID မလိုဘဲ ပတ်စ်ပို့ သက်တမ်းတိုးနိုင်သေးဟုဆို

Must read

ရန်ကုန်၊ မတ် ၂၀

အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံကူးလက်မှတ် ဥပဒေသစ်ထွက်ရှိထားသော်လည်း လတ်တလော ပြည်ပရှိ စစ်တပ်သံရုံးတွင် UID-Unique Identification Number (ကိုယ်ပိုင်သက်သေခံလက်မှတ်)မလိုဘဲ ပတ်စ်ပို့ သက်တမ်းတိုးနိုင်ကြောင်း ထိုင်းနှင့်မလေးရှားနိုင်ငံတို့ရှိ စစ်ကောင်စီသံရုံးများတွင် သွား ရောက် စုံစမ်းခဲ့သော မြန်မာနိုင်ငံသားများထံမှ သိရှိရသည်။

မတ်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေသစ်အရ ပြည်ပ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လ၀ကတွင် မှတ်ပုံတင်ထားသော UID ကိုယ်ပိုင် သက်သေခံ လက်မှတ် ရှိရမည်ဖြစ် ကြောင်း ၊ သို့ရာတွင် လတ်တလော ဥပဒေသစ်နှင့်ပတ်သက်၍ မည်သည့် ညွှန်ကြားချက်မှ မရှိသေးဘဲ ပုံမှန် နည်းလမ်းအတိုင်း UID မလိုဘဲ ပတ်စ်ပို့သက်တမ်းတိုးနိုင်သေးကြောင်း သိရှိရသည်။

“မနေ့က ဘန်ကောက် မြန်မာသံရုံးမှာ သက်တမ်းတိုးသွားစုံစမ်းတာ၊ UID မလိုသေးဘူး။ နိုင်ငံသားစိ စစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း၊ မူရင်း ပတ်စ်ပို့နဲ့ သက်တမ်းတိုးလို့ရတယ်။ PJ ဆိုရင်တော့ အခွန်ဆောင်ထားတဲ့ စလစ်ပြရမယ်။ နိုင်ငံကူးလက်မှတ် ဥပဒေသစ်နဲ့ပတ်သက်ပြီး သံရုံးဘက်က ပြောတာက ဘာညွှန်ကြားချက်မရသေးဘူးလို့ ပြောတယ်” ဟု ဘန်ကောက်ရှိ စစ်တပ်သံရုံးတွင် သွားရောက်စုံစမ်းခဲ့သော မြန်မာအလုပ်သမားတစ်ဦးက ရှင်းပြသည်။

အလားတူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ စစ်တပ်သံရုံးတွင် သွားရောက်စုံစမ်းခဲ့သော မြန်မာကျောင်း သားတစ်ဦးကလည်း လက်ရှိ ပတ်စ်ပို့ သက်တမ်းတိုးရန် UID လိုအပ်ချက်မရှိသေးဟု သံရုံးဘက်က အသိပေးလာကြောင်း ပြောဆိုသည်။

“ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးကလည်း ပတ်စ်ပို့ သက်တမ်းတိုးဖို့ UID မလိုအပ်သေးဘူးလို့ ပြောပါတယ်။ ဒီအတိုင်း လာ သက်တမ်းတိုးလို့ရတယ်ပြောတယ်” ဟု မလေးရှားရောက် မြန်မာကျောင်း သားက ရှင်းပြသည်။

အသစ်ပြဋ္ဌာန်းထားသော နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ၏ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းများအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (UID-Unique Identification Number) တင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပြည်ပနိုင်ငံများရှိ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းများအတွက် နေပြည်တော်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့ထံတွင်သာ ပြန်လည် ခွင့်ပြုချက်တောင်း ယူရမည်ဖြစ်ကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ထုတ်ပေးခြင်းများကို ဥပဒေသစ်တွင် နေပြည်တော်၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် ထုတ်ပိုင်ခွင့်၊ သက်တမ်းတိုးပေး လုပ်ပိုင်ခွင့်များကို တားမြစ်ထားသည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံကူးလက်မှတ်မမှန်မကန်လျှောက်ထားခြင်း၊ အတုပြုလုပ်ခြင်း၊ တစ်ပါးသူ ၏ နိုင်ငံကူးလက်မှတ်ကို သုံးစွဲခြင်းများအတွက် အနည်းဆုံးထောင်ဒဏ် ၃ လမှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article