ရန်ကုန်၊ မတ် ၂၀
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ ပြည်သူ့နေအိမ်အလုံး ၃၀ ကျော်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီ ၄၉ မိနစ်အချိန်အထိ ချောင်းဦးမြို့နယ်၊ ငါန်းယှန် ကျေးရွာထိပ်၌ တပ်စွဲထားသော စစ်သားများက ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၃၀ ကျော် မီးလောင်ဆုံးရှုံးနိုင်ကြောင်း၊ အဆိုပါ စစ်တပ်က ကျေးရွာနေပြည်သူ့နေအိမ်များကို မကြာခဏ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ယခုအကြိမ်နှင့် ဆိုလျှင် ၅ ကြိမ်မြောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“မနက် ၈ နာရီကနေ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်အထိ ငါန်းယှန်ကျေးရွာကို စစ်တပ်က မီးရှို့နေ တာ၊ ငါန်းယှန်ကျေးရွာဆိုတာကလည်း သူတို့အထိုင်ချနေတဲ့ရွာပဲ၊ နေအိမ်တွေကိုမီးရှို့နေတာ၊ ဒါရော ဆိုရင် ၅ ကြိမ်လောက်ရှိပြီ။ သူတို့က ရွာထိပ်မှာ အထိုင်ချထားတာ၊ အင်အား ၅၀ လောက် တော့ရှိ မယ်။ ငါန်းယှန်ကျေးရွာက အိမ်ခြေ ၁၈၀၀ နီးပါးလောက်ရှိတာ၊ ကျန်နေတဲ့ နေအိမ်တွေကို သူတို့အ နေနဲ့ ထပ်ပြီးမီးရှို့နေတာ။ ဒီနေ့မီးရှို့နေတဲ့အနေအထားအရဆိုရင် အိမ်ခြေတော်တော် များများ မီး လောင်သွားလောက် တယ်။ အိမ်ခြေ သုံးလေးဆယ်လောက်တော့ ပါနိုင်တယ်။ အနီးကပ်သွား မရေ တွက်နိုင်လို့သာ၊ မီးခိုးလုံးတွေက တော်တော်များများတွေ့ရတယ်။ တချို့မှတ်တမ်းတွေမရယူနိုင်လို့ ပါ။ ရွာထဲမှာက ပြည်သူလည်းမရှိတော့ဘူးဆိုတော့လေ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ငါန်းယှန်ကျေးရွာသည် အိမ်ခြေ ၁၈၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး စစ်တပ်က ဝင် ရောက် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးဖြတ်မှုများကြောင့် ကျေးရွာနေပြည်သူများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်း စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း၊ ယခုအချိန်အထိ ပြည်သူများမှာ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။




