ရန်ကုန်၊ မတ် ၂၀
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နဘက်စံပြရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်မှုရှိတယ်ဆိုတာကတော့ အတည်ပြုလို့ရတယ်။ သေဆုံးသူ ရှိ၊မရှိ ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ နေအိမ် ၅ လုံး ထက်မနည်း ပျက်စီးတာတော့ သိရတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေ၍ ပြည်သူများ ဗုံးခိုကျင်းများ ပြုလုပ်ပြီး သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေး ပြောဆိုထားသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကူကျွန်းရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကူကျွန်းရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေလည်း တိမ်းရှောင်နေရတော့ နေအိမ်ပျက်စီးမှုတော့ အတည်မပြုနိုင်သေးဘူး။ ရွာထဲကနေ မီးခိုးတွေ ထွက်လာတာတော့ တွေ့ရတယ်ပြောတယ်။ ဘယ်နေရာတွေ ရှို့သွားလဲဆိုတာလည်း ပြောဖို့ခက်တယ်။ ခွေးစစ်ကြောင်းက ရွာအနီးမှာ ပတ်သွားနေတာတွေရှိသေးတယ်လို့ ပြောပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






