ရန်ကုန်၊ မတ် ၂၀
ပဲခူးတိုင်းရဲတပ်ဖွဲ့၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲရုံးခန်းမှ ရဲဒုတပ်ကြပ် ထွန်းဝေဆိုသူသည် အထက်အရာရှိများ၏ အမိန့်ဖြင့် ပဲခူးမြို့အထွက်ဂိတ်တွင် ဆက်ကြေးကောက်ခံနေသည့်အပြင်၊ ရဲတပ်ဖွဲ့ဝင်အချင်း ချင်းထံမှလည်း လစဉ်ငွေကျပ်သိန်းချီ အတင်းအဓမ္မငွေညှစ်နေကြောင်း ရဲမိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။
ရဲဒုတပ်ကြပ် ထွန်းဝေသည် တပ်ဖွဲ့ခွဲမှူး ရဲအရာရှိ သန်းဝင်း၏ အမိန့်ဖြင့် ရဲတပ်ဖွဲ့ဝင်အချင်းချင်းအပေါ် နယ်ပြောင်းရွှေ့ခြင်း၊ လှုပ်ရှားစစ်ကြောင်းနှင့် သင်တန်းစာရင်းများတွင် ပါဝင်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ခြိမ်းခြောက်ငွေညှစ်နေခြင်းဖြစ်သည်။
ရဲအပြောင်းအရွှေ့စာရင်းမှ ပယ်ဖျက်ပေးရန်အတွက် ရဲတစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီ တောင်းခံနေသဖြင့် အောက်ခြေရဲဝန်ထမ်းအချို့မှာ ပြင်ပတွင် အတိုးဖြင့် ငွေချေးငှားကာ လစဉ်ပေးဆောင်နေရသည်။
ထို့ပြင် ရဲဒုတပ်ကြပ် ထွန်းဝေက အွန်လိုင်းလောင်းကစား (စလော့ဂိမ်း) ရှုံးနိမ့်သည့်အခါတိုင်းတွင်လည်း လက်အောက်ငယ်သားများကို ညတွင်းချင်း Kpay သို့မဟုတ် Wave Pay တို့ဖြင့် ငွေဖြည့်ခိုင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးမြို့အထွက်ရှိ “ကလိဂိတ်” ၌ တာဝန်ကျနေသော ရဲဒုတပ်ကြပ် ထွန်းဝေက လမ်းဖြတ်သန်းသွား လာသည့် ငါးကားနှင့် ကုန်တင်ကားများကို တရားမဝင်ကုန်စည်များ ပါဝင်သည်ဟု စွပ်စွဲကာ တစ်စီးလျှင် ငွေကျပ် (၂) သိန်းခွဲအထိ တောင်းခံနေကြောင်း သိရှိရသည်။
ခရီးသည်တင်ကားများကိုလည်း မှတ်ပုံတင်စစ်ဆေးမည်ဟုဆိုကာ ကားတစ်စီးလျှင် (၅) သောင်းကျပ်နှင့် ခရီးသည်မပါရှိလျှင်ပင် နေ့စဉ် ၃ ထောင်ကျပ်စီ မဖြစ်မနေ ပေးဆောင်စေလျက်ရှိကြောင်း သိရှိရသည်။
ငွေမပေးနိုင်သည့် ခရီးသည်များကို ရဲစခန်းသို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်ခြင်း၊ ကားပေါ်မှ ဆင်းခိုင်းကာ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်လေ့ရှိပြီး “ကြိုက်သည့်နေရာတိုင်၊ ငါ့နာမည်ထွန်းဝေ၊ တိုင်းအကူမှာ နေတာ” ဟုဆိုကာ လူသိရှင်ကြား စိန်ခေါ်မှုများ ပြုလုပ်နေသည်။
ရဲဒုတပ်ကြပ်အဆင့်ဖြင့်ပင်ဖြစ်သော်လည်း ရဲအရာရှိများ၏ မျက်နှာသာပေးမှုဖြင့် ထွန်းဝေက ရဲဝန်ထမ်းအချင်းချင်းနှင့် ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် ငွေညှစ်နေမှုများကို အထက်အဆင့် ဆင့်သို့ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ရဲမိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဝေဖန်ပြောဆိုထားသည်။
ဓာတ်ပုံ- စစ်တပ်နှင့်ရဲများက ခရီးသည်တင်ကားများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




