28 C
Yangon

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း AA က ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ပြန်လည်လွှတ်ပေး

Must read

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း အာရက္ခတပ်တော် AA က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများနှင့် မိသားစုဝင်များအနက်မှ တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခမ်းအနားပြုလုပ်၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

မတ်လ ၁၄ ရက်နေ့တွင် အာရက္ခတပ်တော် AA မှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အာလဖာ (၁) စစ်ဒေသ၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခမ်းအနားပြုလုပ်၍ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ လွတ်မြောက်ခွင့်ရသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်ကြောင်း၊ အဆိုပါ လွတ်မြောက်ခွင့်ရသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များက အာရက္ခတပ်တော် AA ကို ကျေးဇူးတင်စကားများ ပြောကြားကြခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က အာရက္ခတပ်တော် AA ၏ စစ်သုံ့ပန်းများထားရာ စခန်းများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း AA ရဲဘော်များက စစ်သုံ့ပန်းများကို ဘေးလွတ်ရာကို ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း၊ မမေသဇင်ဝင်းသည် ကျောက်တော်-ပုဏ္ဏားကျွန်းကြားရှိ ချောင်းတူစစ်သုံ့ပန်းစခန်းမှ စစ်သုံ့ပန်းမိသားစုဝင်တစ်ဦးဖြစ်ပြီး ယင်းစခန်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံးကျဲချ တိုက်ခိုက်မှုအတွင်း ‌AA မှ ရဲဘော်များက ဘေးလွတ်ရာသို့ အန္တရာယ်ကင်းအောင် ရွေ့ပြောင်းပေးခဲ့ကြောင်း၊ ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင်လည်း အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များကိုလည်း စားဝတ်နေရေး၊ ကျန်းမာရေး၊ အမျိုးသမီးအခွင့်အရေးများ အပါအဝင် အခြားသော လူသားစာနာမှုများဖြင့် အပြည့်အဝ ထိန်းသိမ်းစောင်ရှောက်ပေးခဲ့ကြောင်း လွတ်ခွင့်ရသူ စစ်သုံ့ပန်းမိသားစုဝင် မမေသဇင်ဝင်းက ပြောဆိုသည်။

“၂၀၂၄ ခုနှစ် ၁ လပိုင်း ၁၆ ရက်နေ့မှာ ကျွန်မတို့တပ်မိသားစု ၂ စု အာရက္ခတပ်တော်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီချိန် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ထဲမှာ မိသားစုဝင်တွေ ကိုယ်ဝန်ဆောင်သည်တွေ၊ ကလေးတွေ၊ ကလေးအမေတွေ၊ အမျိုးသမီးငယ်တွေ ပါတယ်။ ကျန်းမာရေးဆိုလည်း လိုလေသိမ်းမရှိအောင် အချိန်နဲ့တပြေးညီ ကုသပေးခဲ့ပါတယ်။ အမျိုးသမီးတွေ အတွက် အဝတ်အစားက အစ စားဝတ်နေရေး အသုံးဆောင်ပစ္စည်းတွေ ဆပ်ပြာ၊ ခေါင်းလျော်ရည်က အစ အားလုံးအစစရာရာ လူသားချင်းစာနာမှုနဲ့ အကူညီပေးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ၁လပိုင်း ၂၀ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်မတို့အဆောင်ရဲ့ ကိုက် ၅၀ အတွင်းမှာ ပေါင် ၃၀၀ ရှိတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်မတို့တွေ အိမ်ပြန်ဖို့အတွက်ကို မျှော်လင့်ချက်တွေ မဲ့လာခဲ့ပြီလို့ထင်ခဲ့တယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင် အားလုံးတုန်လှုပ်ကြတယ် ကြောက်လန့်နေကြတဲ့ အချိန်မှာ အာရက္ခတပ်တော်မှာရှိတဲ့ တပ်ဖွဲ့တွေအားလုံးက ဘေးလွတ်ရာကို အန္တရာယ်ကင်းအောင် ခေါ်ဆောင်ပေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်မတို့တွေက ကျွန်မတို့ မိသားစုတွေဆီကို ကိုယ်စီကိုယ်စီ ပြန်ရတော့မှာဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါကြောင်း အားလုံးရဲ့ကိုယ်စား ဒီနေရာမှာတင် ကျေးဇူးတင်ပါတယ်လို ပြောချင်ပါတယ်”ဟု စစ်သုံ့ပန်းမိသားစုဝင် မမေသဇင်ဝင်း ကပြောဆိုသည်။

အလားတူ ၂၀၂၄ ခုနှစ် ၁ လပိုင်း ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် AA တို့ တိုက်ပွဲများအတွင်း အမတ ၃၇ အမြောက်တပ်ရင်းမှ မောင်အေးသောင်းပိုင်ကလည်း ၎င်း၏ မိဘမောင်နှမများနှင့်အတူ ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း၊ ၂ နှစ်ကျော်ကာလအတွင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည့်အတွက် အာရက္ခတပ်တော် AA ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“၂၀၂၄ ခုနှစ် ၁ လပိုင်း ၁၆ ရက်နေ့မှ ကျွန်တော်ကတော့ အမတ ၃၇ အမြောက်တပ်ရင်းက ကျွန်တော်ရဲ့ ဖခင်နဲ့ မိခင် ကျွန်တော်တို့ မိသားစုတွေနဲ့ အတူတူ အဲ့ဒီတိုက်ပွဲကာလအတွင်းတွေမှာ အာရက္ခတပ်တော်ထံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ အဲ့ဒီအချိန်ကာလအတွင်းမှာ အခုဆိုရင် ၂ နှစ်ကျော်ကာလ အတွင်းကိုရောက်ရှိလာပြီ အဲ့ဒီအချိန်တွေမှာ အာရက္ခတပ်တော်က ကျွန်တော်ရဲ့ အမေ၊ ညီကိုမောင်နှမတွေ၊ အဖေ၊ အကိုတွေကိုပေါ့ လူသားချင်းစာနာထောက်ထားစွာနဲ့ အခုချိန်ထိ ကူညီစောင့်ရှောက် ထိန်းသိမ်းပေးထားတဲ့အတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အခမ်းနားနဲ့ အထူးပဲ ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးတဲ့ သူတွေကို ကျွန်တော် အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု စစ်သုံ့ပန်းမိသားစုဝင် မောင်အေးသောင်းပိုင်က ပြောဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ တိုက်ပွဲများအတွင်း အာရက္ခတပ်တော် AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ထိန်းသိမ်းခံရမှုကာလ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ထိန်းသိမ်းခံထားရစဉ်အတွင်း အမျိုးသမီးများ၏ ကာယအိန္ဒြေလုံခြုံမှုအတွက် အဝတ်အစား၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ရေးနှင့် ဆေးဝါးများကို မိသားစုဝင်တွေလို ဆက်ဆံပေးခဲ့ပြီး လူသားချင်းစာနာမှုများဖြင့် အာရက္ခတပ်တော် AA တာဝန်ရှိသူများက အစအဆုံး ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း၊ ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော့မည်ဖြစ်သည့်အတွက် မိသားစုနှင့် ပြန်လည်ဆုံတွေ့ရတော့မည့်အပေါ် အတိုင်းမသိ ဝမ်းသာကြောင်း စစ်သုံ့ပန်းမိသားစုဝင် ဒေါ်နန္ဒာလင်း ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး ၊ Y-12 ၄ စီးဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို ၃ နာရီကျော် မရပ်မနား ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article