28 C
Yangon

ဖရူဆိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိ၊ ဝက်လက်တွင်လည်း စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၀

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၇ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ထားလဲ -နန်းဖဲ လမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုး၍ လမ်းလုံခြုံရေးယူနေသော စစ်သားများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း လက်နက်ငယ် ၅ လက် နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို နန်းဖဲကျေးရွာ အနီးတွင် ကရင်နီတော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုတချို့ရှိခဲ့ပြီး လက်နက်ငယ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ စတင်သော ရန်နိုင်မင်း စစ်ဆင်ရေးဖြင့် ဖရူဆို-ဘော လခဲ-ဖားဆောင်းသို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို ထိန်းချုပ်နိုင်ကြောင်း ကြွေးကြော်နေသော်လည်း မြေပြင် စစ်ကြောင်းများ၊ ယာဉ်တန်းများ တိုက်ခိုက် ချေမှုန်းဖျက်ဆီးခံပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးလျက်ရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

ထိုသို့ မြေပြင်တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှု များပြားသောကြောင့် စစ်တပ်က မတ်လ ၁၉ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖားဆောင်းမြို့နှင့် မော်ချီးဒေသကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းသို့ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ လေကြောင်းရန် အထူးသတိပြုနေထိုင်ကြပါရန် KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယနေ့ မတ်လ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဝက်လက်မြို့နယ် ‌အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူ မတ္တရာမြို့နယ် ပကဖ စစ်ကြောင်း (လက်နက်ကြီးတပ်ခွဲ) က ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article