28 C
Yangon

မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်တပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲဆက်လက် ပြင်းထန်နေ၊ သရက်ချောင်းတွင်လည်း ယနေ့ ညနေပိုင်းထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ

Must read

ရန်ကုန်၊ မတ် ၂၀

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ယနေ့ချိန်ထိ အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဘော်ဗဒါန်းရွာဘက်ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများသည် မိုးကုတ်မြို့ပေါ်မှာပင် နေ့စဉ်ကြားနေရကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ တိုက်ပွဲများသည် မိုးကုတ်မြို့အနီးရှိ သဖန်းပင်ရွာ ၊ ကျောက်နဂါးရွာနှင့် ကျောက်ပုတ်ရွာဘက်ထိ ဖြစ်ပွားနေကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားရာ နေရာများကိုလည်း စစ်ကူစစ်ကြောင်းများ ပို့ဆောင်နိုင်ရန် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားသစ် အများအပြားဖြင့် အင်အား ဖြည့်တင်းနေကြောင်း သိရှိရသည်။

ထိုသို့ စစ်ကူ အများအပြားပို့ဆောင်နေသော်လည်း စစ်တပ် စစ်ကြောင်းက ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဒဏ်ရာရ စစ်သား အများအပြားသာ စစ်ကားများဖြင့် မြို့ပေါ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

“မိုးကုတ်မြို့ အနောက်ပိုင်းမှာကတော့ တိုက်ပွဲက နေ့တိုင်းနီးပါးကို ဖြစ်နေတာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ သူတို့ စစ်ကူတွေပို့တာလည်း နေ့တိုင်းနီးပါးပဲ စစ်ကြောင်းက ရှေ့ကို မတိုးနိုင်ဘူး။ ပြန်ပြန် ဆုတ်လာရတယ်။ နေ့တိုင်းနီးပါးလည်း ဒဏ်ရာရစစ်သားတွေကို မိုးကုတ်မြို့ပေါ် ပြန်ပို့ပေးနေတာ တော်တော်များတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း ယနေ့ ညနေပိုင်းထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင်လည်း သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဂုံညင်းဆိပ်ကျေးရွာအတွင်း ပိတ်မိနေသော စစ်သားများကို ကယ်ထုတ်နိုင်ရန် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျေးရွာများကိုပါ စစ်တပ် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ရွာပေါင်း ၁၅ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် လက်ရှိချိန်ထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက်က တော်တော်လေး အထိနာနေ‌တဲ့ အချိန်မှာ အဲ့လို လေယာဉ်နဲ့ ဗုံးလာကျဲတာပါ။ ဂုံညှင်းဆိပ်ရွာအနီးတစ်ဝိုက်ကနေ စစ်ခွေးတွေက မထွက်နိုင်သေးတာ အဲ့ဒါကြောင့် ဂုံညှင်းဆိပ်ရွာအနီးကိုပဲ ကျဲနေတာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၅ ရွာရှိတယ်။ ပြည်သူ ဦးရေ ၅၀၀၀ ခန့်လောက်ရှိတယ်။ အခုထိ လနဲ့ချီပြီး စစ်ရှောင်နေရတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်ကရှင်းပြသည်။

သရက်ချောင်းမြို့နယ် ဝင်းဝစခန်းမှ ထွက်ပြေးလာသော စစ်သားများနှင့် စစ်ကူ စစ်ကြောင်းမှ ကျန်ရှိနေသော စစ်သား ၈၀ ခန့်သည် ဂုံညင်းဆိပ်ကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားနေ၍ စစ်တပ်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် နေ့စဉ် ပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article