36 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံသူ Kelley Anne Eckels-Currie ကို အဆိုပြုလိုက်ပြီး မြန်မာ့အရေး အစဉ်တစိုက် ဆောင်ရွက်ခဲ့သူဖြစ်

Must read

ရန်ကုန်၊ မတ် ၂၁

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံသူ Kelley Anne Eckels-Currie ကို အဆိုပြုလိုက်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Sidharto R. Suryodipuro က ၆၁ ကြိမ်မြောက် ညီလာခံတွင် ခန့်အပ်ရန် လစ်လပ်နေသော လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် ရာထူးနေရာ ၁၇ ခုအတွက် အမည်စာရင်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အရေးပါသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ (Special Rapporteur on the situation of human rights in Myanmar) အဖြစ် အမေရိကန်ပြည်ထောင်စုမှ Mrs. Kelley Anne Eckels-Currie ကို ခန့်အပ်ရန် အဆိုပြုထားကြောင်း သိရှိရသည် ။

Mrs. Kelley Anne Eckels-Currie ကို မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြုရာတွင် ကုလသမဂ္ဂ၏ အခြေခံစံနှုန်းများဖြစ်သော -လုပ်ငန်းကျွမ်းကျင်မှု (Expertise) သက်ဆိုင်ရာ နယ်ပယ်အတွင်း အတွေ့အကြုံရှိမှု (Experience in the field of the mandate) လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု (Independence) ဘက်လိုက်မှုကင်းမှု (Impartiality) ကိုယ်ကျင့်တရား ကောင်းမွန်မှု (Personal Integrity) မျှတစွာ ရှုမြင်နိုင်စွမ်း (Objectivity) စသည့် အချက်များကို အခြေခံ၍ လူ့အခွင့် အရေးကောင်စီဝင်များ၏ ထောက်ခံမှုရရှိစေရန်အတွက် စိစစ်အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သံအမတ်ကြီး Mrs. Kelley Anne Eckels-Currie သည် နိုင်ငံခြားရေးမူဝါဒ နယ်ပယ်တွင် ဆယ်စုနှစ် သုံးခုကြာ အတွေ့အကြုံရှိသူဖြစ်ပြီး အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးပြု ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သံအမတ်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အတွေ့အကြုံများအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Project 2049 Institute တွင် Senior Fellow အဖြစ် တာဝန်ယူစဉ် “Burma Transition Initiative” ကို စတင်တည်ထောင်ပြီး ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ်ကြီးအဖြစ်လည်းကောင်း (၂၀၂၀-၂၀၂၁) တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

သူမ၏ ပညာအရည်အချင်းအနေဖြင့် Georgetown University Law Center မှ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေဖြင့် ဥပဒေပါရဂူဘွဲ့ (Juris Doctor) ရရှိထားသူ ဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် Atlantic Council ၏ Senior Fellow အဖြစ်လည်းကောင်း၊ National Endowment for Democracy ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ယူထားပြီး Geopolitical advisory firm တစ်ခုဖြစ်သည့် Kilo Alpha Strategies ၏ တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။

ယခင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Mr. Thomas Andrews ကိုမူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ် ပြောင်းလဲအဆိုပြုထားကြောင်း သိရှိရသည်။

အဆိုပါခန့်အပ်မှု အဆိုပြုချက်များကို လာမည့် ၆၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် အတည်ပြု ဆောင်ရွက်သွားမည် ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article