36 C
Yangon

ယင်းမာပင်တွင် ၁ လကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို တစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးကာ မီးရှို့လုယက်နေသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၃ People Defense Force Column 1 ထံမှ သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ် ကြောင်းက ယင်းမာပင်မြို့နယ်အနောက်ပိုင်းရှိ ကျေးရွာပေါင်း ၃၀ ခန့်ကို လေကြောင်းပစ်ကူများအသုံးပြုကာ စစ်ကြောင်းထိုးခဲ့ပြီး၊ ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ပခုက္ကူမြို့နယ် PDF တပ်ခွဲ (၃) သည် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ခရီးဝေးသွားရောက်၍ စစ်ကူပေးတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး အင်အားအများအပြား သေဆုံးဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ပခုက္ကူ PDF တပ်ခွဲ (၃) မှ တာဝန်ရှိသူတစ်ဦးက “ယင်းမာပင်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ခွေးအင် အား ၂၀၀ စစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မီတာ ၃၀ လောက်အထိ အနီး ကပ် ပစ်ကြတာဆိုတော့ ကျွန်တော်တို့ မျက်မြင်ကို မြင်ရတာပါ။ အင်အား ၂၀၀ လာတာ ၁၀၀ နီးပါးလောက် သေတယ်။ ၇၀ လောက်ကတော့ အကျိုးအကန်းတွေဖြစ်ပြီး ၃၀ လောက်ပဲ ကောင်း ကောင်း ပြန်ဆုတ်သွားနိုင်တာ။ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ပုခတ်တွေ၊ ကားတွေနဲ့ အခေါက် ခေါက်အခါခါ သယ်သွားရတာပါ။”ဟု ပြောဆိုသည်။

မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာများ၊ ဂျိုင်ရိုကော်ပတာများနှင့် အသေခံဒရုန်း အကြိမ် ၃၀ ခန့်အသုံးပြုကာ နေ့ညမပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့များက ဆုတ်ခွာပေးခြင်းမရှိဘဲ ၆ နာရီနီးပါးကြာအောင် ခုခံတိုက်ခိုက်ခဲ့သည်။

မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီ တပ်စွဲထားသည့်နေရာကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခဲယမ်းမီးကျောက်များ၊ စစ်အသုံးအဆောင်များနှင့် ချပ်ဝတ်တန်ဆာများကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ပွဲကို ပခုက္ကူ PDF တပ်ခွဲ (၃) Column 1၊ ယင်းမာပင် အမှတ် (၁) စစ်ကြောင်း၊ ကနီ တပ်ရင်း (၂၀)၊ အာရက္ခတပ်တော် (AA)၊ ပခုက္ကူခရိုင် အမှတ် (၁၅) တပ်ရင်း၊ မြောက်ပိုင်းကျား ၅ ကောင် PDF နှင့် ဒေသခံတပ်ရင်းများ စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၅ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပခုက္ကူ PDF မှ တာဝန်ရှိသူက “ယင်းမာပင်မြို့ပေါ်မှာ စစ်ခွေးတွေ ခြေရှုပ်နေတုန်းမို့လို့ တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိကြဖို့နဲ့ သတိလက်လွတ် မနေကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ပြောဆိုသည်။

လက်ရှိတွင် အထိနာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဒဏ်ရာရရှိသူများကို တင့်ကားများ၊ စစ်ကားများဖြင့် ယင်းမာပင်မြို့ပေါ်ရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article