ရန်ကုန်၊ မတ် ၂၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရားဖူးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။
မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ထားဝယ်မြို့နယ်၊ ရားဖူးကျေးရွာအတွင်းကို ရားဖူးရွာဟောင်း အတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ၂၈၂ တပ်ရင်း၊ ၂၇၃ တပ်ရင်း၊ ၄၀၈ တပ်ရင်း၊ ၄၀၉ တပ်ရင်းနှင့် ၄၁၀ တပ်ရင်းတို့ ပူးပေါင်းထားသော စစ်ကြောင်းသည် ၁၂၀ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ရားဖူးကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးထိခိုက် သေဆုံးကာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ် မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ကိုနတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူ ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် ပေါက်မြို့နယ် အနောက်တောင်ပိုင်းရှိ တစူးရွာ နှင့် သပွတ်ရွာ အနီးကို ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်တာပါ။ ထိခိုက် အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။ ဆက်လက် စုံစမ်းနေပါတယ်” ဟု ပေါက်မြို့နယ် မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ကိုနတ်ဆိုးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေ၍ ပြည်သူများ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။







