ရန်ကုန်၊ မတ် ၂၁
ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သော တအာင်း TNLA နှင့် ကိုးကန့် MNDAA တို့အကြား နှစ်ဖက်အပစ်အခတ်ရပ်စဲလိုက်ပြီး မဟာမိတ်အဖြစ် ဆက်လက်ရပ်တည် ရန် ဆုံးဖြတ်မှုအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၂၀ ရက်နေ့တွင် TNLA နှင့် MNDAA တို့အကြား အပစ်ရပ်ရေး သဘောတူညီလိုက်သည့်အပြင် မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်လိုက်ကြောင်း TNLA မှ ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။ ယင်းအပြင် MNDAA က ဖမ်းဆီးထားသော TNLA တပ်သားများကိုလည်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
“အပစ်ရပ်ဖို့က ကျနော်တို့ ထုတ်ပြန်ချက်၊ မေတ္တာရပ်ခံချက်ထဲမှာလည်း ပါထားပြီးသားပါ။ ဒီတော် လှန် ရေးကာလမှာ ရန်သူစစ်အုပ်စုကိုတော်လှန်နေကြတဲ့အင်အားစုတွေအချင်းချင်း ဖြစ်တဲ့ ပြသနာ ဆိုတာက မိတ်ဖက်ပဋိပက္ခအဖြစ်နဲ့ ရှုမြင်တယ်။ အဲဒီတော့ ဒီလိုမျိုးပဋိပက္ခတွေဖြစ်တဲ့ အခါမှာ ကိုယ့် ဘက်တော်သားအချင်းချင်းဆိုရင် နိုင်ငံရေးနည်းအရပဲ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေ ရှာဖို့လိုတယ် ဆိုတဲ့ဟာမျိုးလည်း ကျနော်တို့ရဲ့တိုက်တွန်းချက်ထဲမှာပါတယ်။ အခုအဲဒီလိုမျိုး လုပ်ကြတဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ ဝမ်းသာပါတယ်၊ ကြိုဆိုပါတယ်။ တကယ်ပဲ ဒီလိုပဲ တော်လှန်ရေးအင် အားစုတွေအချင်းချင်းကြားထဲမှာ ဖြစ်တဲ့ ပဋိပက္ခတွေကိုတော့ မိတ်ဖက် ပဋိပက္ခ လို့ရှုမြင်ပြီးတော့ ဒီလိုနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းကြရမှာပါ။ ကျနော်တို့ကတော့ ဒီလိုမျိုးသတင်းကြားတဲ့အတွက်ဝမ်း သာပါတယ်”ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးနောင်ချိုက မှတ် ချက်ပြုသည်။
လက်ရှိ အကြမ်းဖက်စစ်ကောင်စီက တော်လှနန်ရေးကို အင်အားနည်းစေရန် သွေးခွဲသပ်လျှို နည်းလမ်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေးယန္တရာများကို အသုံးပြု ပုံစံမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်များကို သတိပြုရန်လည်း ၎င်းက တိုက်တွန်းသည်။
“အဓိက ကတော့အခုချိန်မှာ ရန်သူက ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့တွေရဲ့ကြားထဲမှာ သွေးခွဲသပ်လျှို တာတွေကတော့ လုပ်လာပြီ။ ဒီတရုတ်နိုင်ငံရဲ့ဖိအားကို အသုံးပြုပြီးတော့ပဲ ဖြစ်ဖြစ်၊ သူတို့(စကမ) ဝါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ယန္တရားတွေကို အသုံးပြုပြီးတော့ပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေပြီ။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျနော်တို့အချင်းချင်း ကြားထဲမှာ ပိုပြီးတော့ ၊ တော်လှန်ရေး ကလည်း ၅ နှစ်ဆိုတာ ဖြစ်လာတဲ့အခါမှာ တော်လှန်ရေးကြာတယ်တို့၊ဘာတို့ တစ်ယောက်နဲ့တစ် ယောက်လက်ညှိုးထိုး အပြစ်မြင်နေတာထက်စာရင် ကျနော်တို့ပိုပြီးတော့ ဘယ်လိုစည်းစည်းလုံးလုံး နဲ့ ညီညီညွတ်ညွတ်နဲ့ဆက်သွားမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါ တယ်။ ရန်သူကတော့ ကျနော်တို့အချင်းချင်းဖြစ်နေကြတယ်၊ တိုက်နေခိုက်နေကြတယ်၊ ကွဲနေပြဲနေ ကြတယ်ဆိုရင် ရန်သူကတော့ ဝမ်းသာမှာပဲလေ။ အဲဒီတော့ ရန်သူဝမ်းသာမယ့်ကိစ္စတွေ ကို ကျနော် တို့တတ်နိုင်သမျှ ရှောင်ရှားကြဖို့လိုပါတယ်”ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုဆက်လက်ပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့ကာ မတ်လ ၁၆ ရက်နေ့တွင် MNDAA က ကွတ်ခိုင်မြို့ အပါအ၀င်မြို့နယ် တစ်ဝန်းလုံးကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA နှင့် တအာင်းTNLA တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် တိုက်တွန်းခဲ့သည်။




