ရန်ကုန်၊ မတ် ၂၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်တိုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောင်တိုရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်း အဆောက်အဦး အားလုံးနီးပါး ပျက်စီးခဲ့ကာ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာလဲ မရှိပါဘူး။ ကျေးရွာ ဘုန်းကြီးကျောင်းကိုပဲ စစ်ခွေးတွေက ဗုံးကျဲသွားတာ ပြည်သူတွေ ထိခိုက်မှုတော့မရှိဘူး။ ဘုန်းကြီးကျောင်းက သံဃာတော်တွေကလည်း မန္တလေးဘက်ကို ပြောင်းရွေ့သွားလို့ ထိခိုက်မှုမရှိခဲ့တာပါ။ ဘုန်းကြီးကျောင်း အဆောက်အဦးကတော့ အားလုံးနီးပါးကို ပျက်စီးသွားတယ်။ ပြည်သူတွေလည်း ရွာထဲကနေ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ညောင်တိုရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့နှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီး သံဃာတော် ၁ ပါးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ခွက်မရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းလှမြို့နယ်၊ ခွက်မရွာ အနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ခွက်မရွာအနီးက စစ်ရှောင်တွေနေထိုင်တဲ့ နေရာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတာ စစ်ရှောင်တွေ ထိခိုက်မှုရှိတယ်လို့တော့ ကြားတယ်။ သေဆုံးမှု မရှိဘူးလို့တော့ သိထားရတယ်။ ထိခိုက်မှု အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး တကွဲတပြားဖြစ်နေတယ်” ဟုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






