ရန်ကုန်၊ မတ် ၂၁
ရှမ်းပြည်နယ်၊ လားရှိုးမြို့ ခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခံရသူကို အပြီးသပ် လွှတ်မိန့်ချခဲ့သော ဒုခရိုင်တရားသူကြီး ခိုင်ဇော်အောင် ရာထူးမှ ထုတ်ပယ်ခံရကြောင်း တရားရုံး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
လားရှိုးခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး ခိုင်ဇော်အောင် ကို တရားသူကြီးတစ်ဦး၏ ကျင့်ဝဋ်၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသည့် လုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာ ပြည်ထောင်စု တရားလွှတ်တော်မှ တိုက်ရိုက် အမိန့်စာထွက်၍ တရားသူကြီး ရာထူးတာဝန်မှ အပြီးထုတ်ပယ်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက် ၅ ၊ နယ်မြေ ၈ ရှိ ဒေါ်ထန်ရှန်းရင် ဆိုသူ၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်စဉ် ၎င်းခြံဝင်းအတွင်း မူးယစ်စိတ်ကြွ ဆေးပြားအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ကြောင့် လက်ဝယ်ဖမ်းဆီးရမိသူ အိမ်ရှင် ဒေါ်ထန်ရှန်းရင်ကို လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒေါ်ထန်ရှန်းရင်၏ နေအိမ်အတွင်း မူးယစ်စိတ်ကြွဆေးပြားများအပြင် စစ်ဖိနပ်အရန် ၈၀၀၀ နှင့် လိုင်စင်မဲ့ ကား ၁ စီးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ကြောင့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း အရေးယူဆောင်ရွက်ခဲ့ပြီး ထိုပြစ်မှုကို ထောင်ဒဏ် ၁ လ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှုကို မူးယစ် ပုဒ်မ ၁၉ (က) ဖြင့် တရားစွဲအရေးယူခဲ့ပြီး ၎င်းအမှုကို သက်သေများ အားလုံး စစ်ဆေးမှု မပြုသေးမှီ အမှုကို အပြီးသပ် လွှတ်မိန့်ချလိုက်ကာ တရားခံ ဒေါ်ထန်ရှန်းရင် ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့၌ အမှုမှ အပြီးသတ် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒေါ်ထန်ရှန်းရင်ရဲ့ ခင်ပွန်းက ကျပ်ငွေ သိန်းပေါင်း ထောင်ချီ အကုန်ခံပြီး သူ့မိန်းမကို အမှုကလွှတ်အောင် လုပ်နိုင်ခဲ့တာပေါ့။ သူ့ရဲ့ အသိုင်းအဝိုင်းမှာ ကြွားဝါ ပြောဆိုနေတာတွေလည်း လုပ်လာတော့ ပြည်သူတွေ ပိုသိလားပြီး သတင်းက ပျံ့ကုန်တာ အဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး လားရှိုးမှာ သတင်းတွေ အရမ်းပျံ့နေတော့ ဖေဖော်ဝါရီလကုန်ရက်မှာ လားရှိုးခရိုင်တရားရုံးရဲ့ ဒုခရိုင်တရားသူကြီး ဆိုသူ ခိုင်ဇော်အောင်ကို သက်ဆိုင်ရာက အရေးယူလိုက်တယ်။ ရာထူးတာဝန်ကနေ ထုတ်ပယ်လိုက်တယ်လို့ စာထုတ်ရတဲ့ အဆင့်ထိပါဖြစ်သွားတာ” ဟု တရားရုံး သတင်းရင်းမြစ်က ပြောဆိုသည်။




