ရန်ကုန်၊ မတ် ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ၊ ရေ ချမ်းအိုး ရပ်ကွက်ရှိ ပြည်သူများနေထိုင်နေသော မြေဧက ၂၀၀ ခန့်ကို အကြမ်းဖက် စစ်တပ်က ၃ ရက်အတွင်း အပြီးသတ် ပြောင်းရွေ့ပေးရမည်ဟု စာထုတ်ခြိမ်းခြောက်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက် အမှတ် (၆၈၁-ဂ) အတွင်းရှိ အဆောက်အဦးများကို မတ်လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ် ရွေ့ပြောင်းရမည်ဟု ခြိမ်းခြောက်စာများ ပြည်သူများထံ ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ သတ်မှတ်ထားသော ရက်ကို ကျော်လွန်၍ ပြောင်းရွေ့ခြင်းမရှိပါက အကြမ်းဖက် စစ်တပ်က မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အင်အားသုံး၍ နေအိမ်များကို ဖျက်ဆီးသွားမည်ဟု ခြိမ်းခြောက်စာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
အဆိုပါမြေနေရာကို သိမ်းဆည်းရန် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက ၂၀၂၅ ခုနှစ် ၈လပိုင်းတွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ပြည်သူများကို အသိပေးခြင်းမရှိဘဲ ပြည်သူပိုင်နေရာများကို စစ်တပ်ထံ အလုံးစုံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ထိုမြေနေရာကို ၁၂ တန်းစာမေးပွဲအပြီးတွင် အင်အားသုံးသိမ်းယူရန် လျှို့ဝှက်မိန့်ပေးပြီးနောက် စာထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမြေနေရာတွင် ဂရံမြေများ အပါအဝင် တခြားနည်းကျပြီး နေအိမ်များ တခြားနည်းတင်ဆဲ နေအိမ်များနှင့် အိမ်ခြေ ၇၀၀ ကျော်ခန့်ရှိပြီး လက်ရှိနေထိုင်သော ပြည်သူများက ၂၀၀၈ လယ်ယာမြေ ဥပဒေကြောင်းအရ အကြိမ်ကြိမ် အသနားခံစာတင်ခဲ့သော်လည်း သက်ဆိုင်ရာက ဥပဒေနည်းလမ်းဖြင့် ဖြေရှင်းပေးခြင်းမရှိကြောင်း သိရှိရသည်။
“ဒီလောက်တတိုင်းပြည်လုံး ဒုက္ခရောက်နေလို့ စားဖို့တောင် အနိုင်နိုင်ကို တကယ့် အောက်တန်းစားတွေပါ။ ပြည်သူတွေမှာ ဒီလောက် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ အခုမြေနေရာကို ၃ ရက်အတွင်း မဖယ်ရင် အင်အားလုံးပြီး လာဖယ်မယ်လို့ ခြိမ်းခြောက်စာထုတ်ပါတယ်။ ပြည်သူတွေလည်း ဘယ်ကိုသွားနေရမှန်းမသိနဲ့ အကုန် ဒုက္ခရောက်နေကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျှာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုး၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်သည်။
တပ်ပိုင်မြေအဖြစ် မြေသိမ်းယူခဲ့ရာတွင် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့က ဦးဆောင်ခဲ့ပြီး လက်ရှိ တပ်ပိုင်မြေအဖြစ် လျှောက်ထားရာတွင် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက ဦးဆောင်လျက်ရှိပြီး ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူမှု နောက်ကွယ်တွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ အပါအဝင် ဗိုလ်ချုပ်များအတွက် မြေကွက်များ ဖော်ထုတ်ရန်၊ တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ရုံ တည်ဆောက်ရန်၊ တပ်လုံခြုံရေးနှင့် မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် တပ်မတော်နည်းပညာ တက္ကသိုလ်ရှေ့တွင် လူနေရပ်ကွက်များ မရှိစေလိုသည့် ရည်ရွယ်ချက်များပါဝင်ကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။




