ရန်ကုန်၊ မတ် ၂၁
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၇ ရက်နေ့တွင် နံနက်ပိုင်းမှ စတင်ပြီး ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာ၍ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့်လည်း ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် သဲဖြူရွာဟောင်း၊ သဲဖြူရွာသစ်၊ ရွှေတဲဆုရွာ၊ ပေါက်ကုန်းရွာ၊ ဇရပ်ခင်ရွာ ၊ နံဇလေးရွာ ၊ ရွာသာယာရွာ၊ သစ်တဲရွာ ၊ နံဇရွာ နှင့် တလဲခင်ရွာ တို့မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ကျောက်ကြီးမြို့နယ်တွင် မတ်လ ၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူး ပေါင်း စစ်ကြောင်းက ရေးတွင်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူ ၁၆၀ ဦး ခန့်ကိုအကြောင်း မဲ့ဖမ်းဆီးခဲ့ပြီး ပြည်သူ ၃၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ထီးလူထာရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်က ထုတ်ပြန်ထားသည်။
မတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် ရွှေကျင်မြို့နယ်၊ ထီးလူထာကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် ဝဲချစ် ၊ အသက် ၃၈ နှစ်အရွယ် ဇင်မင်းလတ် နှင့် အသက် ၄၅ နှစ်အရွယ် ဦးအေးလွင် တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၀ ရက်နေ့ တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထီးလူထာရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘက်ဖိုး ၂ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။







