28 C
Yangon

ပုလောမြို့နယ်အတွင်း ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများ၏ မိန်းမများ ထံမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ မတ် ၂၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများ၏ မိန်းမများ ထံမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ်မှ ၂ဝ၂၆ ခုနှစ် မတ်လအထိ ပုလောမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြုလုပ်နေသော ပျူစောထီးများနှင့် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၏ မိန်းမထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၃ဝဝ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးသိမ်းဆည်းရမိသော သက်သေခံ မူးယစ်ဆေးဝါးများကို မတ်လ ၂၁ ရက်နေ့တွင် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းဌာနချုပ်၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးသည် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေးနှင့် အနာဂတ်လူငယ်များ၏ ဘဝများကို ဖျက်ဆီး နေသော အဓိကအန္တရာယ်ဆိုးကြီးဖြစ်ပြီး မြိတ်ခရိုင် တပ်ရင်းအနေဖြင့် စစ်အာဏာရှင် စနစ်ဆိုးနှင့်အတူ ပိုမို ကြီးထွားလာသော မူးယစ်ဆေးဝါးအန္တရာယ်ကို ပြတ်သားစွာ ဆက်လက် တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက ပျူစောထီးတွေရော၊ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ မိန်းမတွေရော သူတို့ဆီကနေ ဖမ်းဆီးရမိတာ ရောင်းဝယ် လုပ်သူအကုန်လုံးကို ဖမ်းဆီးအရေးယူထားပါတယ်။ အုပ်ချုပ်ရေးမှူးတွေရဲ့ မိန်းမတွေကိုပါ ဖမ်းဆီးထားပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တရားစီရင်မှုနဲ့ပဲ ထောင်ချထားပါတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးနှင့်အတူ ပြည်သူလူထု၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကိုပါ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သိရှိပါက မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ထံသို့ လုံခြုံရေးသတိဖြင့် ဆက်သွယ်သတင်းပေးပို့ ပူးပေါင်းကူညီကြပါရန် မေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article