ရန်ကုန်၊ မတ် ၂၂
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းကြေးအမည်တပ်ကာ ပြည်သူများထံမှ ငွေကျပ် သိန်းချီ အဓမ္မကောက်ခံနေပြီး၊ မပေးဆောင်နိုင်သူများကို စစ်တပ်အတွင်းသို့ ပေးပို့မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာတွင် အုပ်ချုပ်ရေးမှူး တင်သန်းနှင့် အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်ကတည်းက စတင်ကာ စစ်မှုထမ်းကြေးများကို လစဉ်ကောက်ခံနေကြောင်း၊ စစ်မှုထမ်းကြေး ကောက်ခံသည့်ပမာဏမှာ အမျိုးသားလူငယ်ရှိသည့် နေအိမ်တစ်အိမ်လျှင် လစဉ်ငွေကျပ် ၁ သိန်း ၂ သောင်း တိတိဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းကြေး လစဉ် သိန်းချီ ကောက်ခံနေရသော ကျေးရွာ နယ်မြေများမှာ မောက်ဆင်ကူး၊ ဇီးဖြူချောင်း၊ ဘုရားချောင်း (တောင်ပိုင်း/မြောက်ပိုင်း) နှင့် ရွာမကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး မပေးဆောင်သည့် နေအိမ်များမှ လူငယ်များကို စစ်ကောင်စီလက်ထဲသို့ အပ်နှံကာ အရေးယူမည်ဟု ခြိမ်းခြောက်ခံနေရသဖြင့် ပြည်သူများမှာ ကြောက်လန့်တကြား ပေးဆောင်နေရသည်။
အလားတူ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင်လည်း မတ်လ ၄ ရက်နေ့က မြိတ်မြို့မှ ကျွန်းစုသို့ အဆင်း အမြန်ယာဉ်ဆိပ်တွင် စစ်တပ်က လူငယ် ၁၅ ဦးခန့် အကြောင်းမဲ့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသော လူငယ်များမှာ ကျွန်းစုမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာ (၆) ရွာမှဖြစ်ပြီး၊ ၎င်းတို့၏ ရွာများမှာ စစ်မှုထမ်းကြေးများကို ပုံမှန်ပေးဆောင်နေရသော်လည်း ယခုကဲ့သို့ အဓမ္မဖမ်းဆီးခံရခြင်းဖြစ်သည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဖမ်းဆီးခံရသူများအတွက် လူစားထိုးလျှင် ရနိုင်သည်ဟုဆိုကာ ငွေကျပ် သိန်းရာဂဏန်းအထိ ဖမ်းဆီးခံလူငယ်များ၏ မိဘများထံမှ တောင်းခံခဲ့သော်လည်း ဖမ်းဆီးခံရသူ ၁၅ ဦးအနက် ၄ ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်လူငယ်များမှာ စစ်မှုထမ်းရန် ပို့ဆောင်ခံလိုက်ရကြောင်း သိရသည်။
လက်ရှိတွင် ကျေးလက်ဒေသရှိ ပြည်သူများမှာ တစ်ဖက်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရသည့်အပြင်၊ အုပ်ချုပ်ရေးမှူးများ၏ အဓမ္မငွေကောက်ခံမှုနှင့် လူဖမ်းပွဲများကြောင့် လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။
ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ စစ်မှုထမ်းကြေးအကြောင်းပြ၍ စီးပွားဖြစ်ငွေရှာနေကြသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေရပြီး တိုင်ကြားမှုများ လုပ်ဆောင်သော်လည်း အရေးယူမှုမရှိကြောင်း သိရှိရသည်။




