ရန်ကုန်၊ မတ် ၂၂
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရန်ကြီးအောင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့နယ်၊ စိန်ဘုံသာရွာဘက်ကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စိန်ဘုံသာရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး၊ ရဲ ၃ နှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းတွင် ကြို့ပင်ကောက်မြို့ဘက်မှ စစ်ကူလာသော စစ်ကား ၂ စီးသည် ရန်ကြီးအောင်ရွာကို ဝင်ရောက်စီးနင်း၍ ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားခေါ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာချိန်တွင် ပြည်သူများ ခေတ္တတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
“ကြို့ပင်ကောက်မြို့ဘက်က စစ်ခွေးတွေကို ဇီးကုန်းကနေ စစ်ကူလှမ်းတောင်းတာ အဲတာ ကြို့ပင်ကောက်မြို့ဘက်ကနေ စစ်ကား ၂ စီးရောက်လာပြီး ဇီးကုန်းနယ်ထဲက ရန်ကြီးအောင်ရွာကို ဝင်ရောက်စီးနင်းလို့ ပြည်သူ ၄ ဦးကို ဖမ်းဆီးခံရတဲ့ ဖမ်းခံရတဲ့ သူတွေအကုန်လုံးကို စစ်ခွေးတွေက ခေါ်ဆောင်သွားတယ်။ ဇီးကုန်းမြို့အနားက ရွာတွေက ခွေးစစ်ကြောင်းရှိတုန်း ခေတ္တတိမ်းရှောင်ခဲ့ရတယ်။ စစ်ခွေးစစ်ကြောင်းက ပြန်တော့ ဆုတ်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ထီးလင်းမြိုနယ် အစပ်ရှိ ကျောက်ထုဘက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကျောက်ထုဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ပြည်သူတွေတော့ ထိခိုက်တယ်လို့ မကြားမိဘူး။ စစ်ခွေးတွေက ကျောက်ထုဘက်ကို ဗုံးကျဲနေတာ ခဏခဏကိုကျဲနေတာ တိုက်ပွဲမရှိလဲ ကျဲနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းမီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




