ရန်ကုန်၊ မတ် ၂၂
စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ဟုဆိုကာ အစိုးရဝန်ထမ်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်မှသာ အလုပ်လုပ်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့ မတ်လ ၂၂ ရက်နေ့တွင် အမိန့်ထုတ်လိုက်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့် စနစ်နှင့် စက်သုံးဆီဝယ်ယူသည့် စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော် အစိုးရအနေဖြင့်လည်း စက်သုံးဆီ တင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန် ရှိသော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့် အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှု မပြုကြရန် အမိန့်တွင် ပါရှိသည်။
ထို့ပြင် ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်နှင့် အဆိုပါ ကြေညာချက်သည် နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။




