ရန်ကုန်၊ မတ် ၂၃
အိန္ဒိယနိုင်ငံရှိ ယူကရိန်းနိုင်ငံသားများ၏ လှုပ်ရှားမှုများကို ရုရှားထောက်လှမ်းရေးများက နောက် ယောင် ခံလိုက်ကာ ၎င်းတို့၏ အချက်အလက်များကို အိန္ဒိယပြည်တွင်း တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများထံ မျှဝေပေးခဲ့ရာမှ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာကြောင်း အိန္ဒိယနိုင်ငံမှလာသော သတင်းများအရ သိရှိရသည်။
DW သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယအာဏာပိုင်များက အဆိုပါ ယူကရိန်းနိုင်ငံသားများအား နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်း ဆီးခံရသူများသည် ဒရုန်းများကိုယ်တိုင် အသုံးပြုခြင်း သို့မဟုတ် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သံသယရှိခြင်း ခံနေရကြောင်း သိရှိရသည်။
မတ်လ တတိယပတ်အတွင်း ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးကို တရားမဝင်လှုပ်ရှားမှုများတားဆီးရေး အက်ဥပဒေဖြင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် အိန္ဒိယကို ဖြတ်သန်းကာ မြန်မာနိုင်ငံသို့သွားရောက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီရန် ကြိုးပမ်းခဲ့ သည်ဟု စွပ်စွဲခံထားရသည်။
ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့မှာ အိန္ဒိယနိုင်ငံ၊ ဒေလီ (Delhi)၊ ကာလ်က တ္တား (Kolkata) နှင့် လပ်ခ်နောင်း (Lucknow) လေဆိပ်များတွင် အသီးသီး ဖမ်းဆီးခဲ့ရခြင်း ဖြစ် သည်။
ထို့အပြင် နိုင်ငံခြားသားများ သွားလာခွင့် ကန့်သတ်ထားသော ဇုန်အတွင်း တရားမဝင် နေထိုင်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းသို့ သင့်လျော်သော ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ချိုးဖောက်မှုများဖြင့်လည်း ဖမ်းဆီး စစ်ဆေးခံနေရသည်။
အိန္ဒိယနိုင်ငံ၏ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဂျာမန်မီဒီယာသို့ ပြောကြားရာတွင် ၎င်းတို့အနေဖြင့် အဆိုပါအဖွဲ့ကို ၃ လကြာ ခြေရာခံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများနှင့် ပတ်သက်သော အချက်အလက်များကို ရုရှားနိုင်ငံက ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံရုံး၏ ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ယူကရိန်းသံတမန်များက အဆိုပါအမှုမှာ “နိုင်ငံရေးအရ နောက်ကွယ်မှ စေခိုင်းမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားသည့် သဘောသဘာဝ ဖြစ်နိုင်ကြောင်း” ထောက်ပြပြောဆိုခဲ့ကြသည်။
အိန္ဒိယဘက်မှ ပြောကြားချက်အရ ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံနယ်စပ်အနီးရှိ အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်အတူ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နိုင်ခြေ ရှိသည်ဆိုသော ပြင်းထန်သည့် စွပ်စွဲချက်များလည်း ထွက်ပေါ်နေသည်။
သို့သော်လည်း အာဏာပိုင်များဘက်မှ အဆိုပါ စွပ်စွဲချက်များကို ထောက်ပြနိုင်သည့် လူသိရှင်ကြား အထောက်အထားမျိုးမူ ယခုအချိန်အထိ တင်ပြနိုင်ခြင်း မရှိသေးပေ။
စုံစမ်းစစ်ဆေးရေးအေဂျင်စီ၏ အဆိုအရ ဖမ်းဆီးခံရသူများသည် “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ” ၏ လိုအပ်ချက်အတွက် ဥရောပမှ ဒရုန်းအုပ်စု အမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။





