28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် ဆေးရုံတက် ခွဲစိတ်ကုသမှု လျှို့ဝှက် လုပ် ဆောင်ခဲ့သဖြင့် စစ်တပ်အတွင်း မသိရှိခဲ့ရဘဲ ခွဲစိတ်ကုမှု အောင်မြင်မှသာ သတင်းထုတ်ပြန်ဟုဆို

Must read

ရန်ကုန်၊ မတ် ၂၄

အကြမ်းဖက် မင်းအောင်လှိုင် ဆေးရုံတက် ခွဲစိတ်ကုသမှုကို လျှို့ဝှက်လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်အတွင်း ယင်းသို့ ဆေးရုံတက်ကုသမှုကို မသိရှိခဲ့ကြဘဲ အောင်မြင်မှသာ သတင်းထုတ်ပြန်လာခြင်းဖြစ် ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်မှု အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း စစ်တပ်က ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင်မှ သတင်းထုတ်ပြန်ခဲ့သည်။

” ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု ခံယူတာကို နေပြည်တော်ပြင်ပ တိုင်းစစ်ဌာနချုပ်တွေနဲ့ စစ်တိုင်းမှူးအဆင့်တောင် မသိခဲ့ကြဘူး။ နေပြည်တော် စစ်ရုံးဘက်မှာတောင် အဲဒီ ခွဲစိတ်ကုသမှု ခံယူတာ သတင်းကို မကြားခဲ့တာ။ ဆေးကုသမှုကို လျှို့ဝှက် လုပ်ပြီးတော့ ခွဲစိတ်မှု အောင်မြင်မှ သတင်းထုတ်ပြန်တာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်မှာ ရုတ်တရက် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် မတ် လ ၂၀ ရက်နေ့ နေပြည်တော်ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် အိန္ဒိယနိုင်ငံမှပါရဂူများနှင့် စစ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုကို ၂ နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော မတ်လ ၂၇ ရက်နေ့ ကျရောက် ၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ အကြမ်း ဖက် မင်းအောင်လှိုင် နောက်ဆုံးအကြိမ် အဖြစ် တက်ရောက်မည်ဟု သိရှိထားသော်လည်း လက်ရှိ ကျန်းမာရေးကြောင့် သူတက်ရောက်မည်လော၊ လူစားထိုးတက်ရောက်မည်လော ဆိုသည်ကိုလည်း တိတိကျကျ သိရှိရခြင်းမရှိသေးဟု အဆိုပါ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

သို့ရာတွင် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ၈၁ နှစ်မြောက် တပ်မတော် နေ့အခမ်းအနားကို ခမ်းခမ်းနားနားကျင်းပနိုင်ရန် ကြည်းရေလေ စစ်ကြောင်းများက လေ့ကျင့်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article