28 C
Yangon

ချောင်းဦးတွင် ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး ရဲတပ်သား ၁ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က ရှမ်းထူးရွာကို မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁၅၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ရဲတပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ချောင်းဦးမြို့မှ အင်အား ၂၀၀ ခန့်ဖြင့် ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူစောထီးကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်တပ် စစ်ကြောင်းသည် ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါထိတွေ့ တိုက်ပွဲ ၂ ကြိမ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိသော ရဲတပ်သားကို ချောင်းဦးမြို့နယ် ပကဖ အဖွဲ့ထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ပြီး ၃ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ ၆ ဦးကတော့ မျက်မြင် ကျခဲ့တာပါ။ ကျန်တာကတော့ အတွင်းသတင်းအရ သိရတာပါ။ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာမျိုးတော့မရှိဘူး။ မတ်လ ၂၁ ရက်နေ့မှာ ချောင်းဦးထွက်စစ်ကြောင်းက ချောင်းဦးကိုပြန်ဝင်သွားပြီး ရှမ်းထူးထဲမှာ ကျန်နေခဲ့တဲ့ စစ်သားနဲ့ ပျူ အင်အား ၅၀ ခန့်ကို ဝင်ရောက်ရှင်းလင်းတာပါဗျ။ နံနက် ၁၁ လောက်ကနေစပြီး ပစ်ခတ်မှုဖြစ်ပါတယ်။ ၂ နာရီခွဲလောက်မှာ စတင်ဝင်လုံးပြီး ၅ နာရီလောက်အထိ တိုက်ပွဲ ကြာမြင့်သွားပါတယ်။ ရိက္ခာလာပို့တဲ့စစ်ကြောင်းကအချို့နဲ့ ကင်မွန်းတော်ပျူပေါင်း အင်အား ၅၀ ခန့်ပါ။ အတူတူပဲလို့ပြောလို့ရပါတယ်။ ရှမ်းထူးမှာကျန်ခဲ့တဲ့ ၅၀ ခန့်က ကင်မွန်းတော်ကို ပြန်ဆုတ်သွားပါတယ်” ဟု ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ စစ်ဒေသ ၃၊ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ ချောင်းဦးမြို့နယ် ပကဖ (CHU PDF)၊ နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့နှင့် Special Force 11 တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်နှစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က မတ်လ ၂၁ ရက်နေ့နှင့် မတ်လ ၂၂ ရက်နေ့တို့တွင် ရှမ်းထူးကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၅၀ ကျော်မီးလောင်ပြာကျခဲ့ပြီး ရှမ်းထူးကျေးရွာ အပါအဝင် အနီးနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရှမ်းထူးရွာကို မီးရှို့တာက ၂၁ ရက်နဲ့ ၂၂ ရက်မီးရှို့တာပါ။ ရိက္ခာပို့တဲ့စစ်ကြောင်း ချောင်းဦးထဲမပြန်ခင်ကတည်းက ရှို့နေတာပါ။ နေအိမ် ၁၅၀ ကျော် မီးလောင်သွားပါတယ်။ ရှမ်းထူးရွာမှာ နဂိုက အိမ်ခြေ ၄၇၀ လောက်ပဲရှိတာ ဒေသခံတွေတော့ ဘေးလွတ်ရာရှောင်တိမ်းနေရပါတယ်။ ရှမ်းထူးအနီးတဝိုက်က ရွာတွေလည်းရှောင်နေရပါတယ်” ဟု ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တာဝန်ရှိသူကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီး အထိနာခဲ့သော အကြမ်း ဖက် စစ်တပ်က ချောင်းဦးမြို့ပေါ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ လေကြောင်းနှင့်လက်နက်ကြီး အန္တရာယ် ဂရုစိုက်နေထိုင်ကြရန် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article