28 C
Yangon

မြင်းမူတွင် ဆက်ကြေးကောက် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ၊ ကသာမြို့သိမ်းတိုက်ပွဲ တိုက်ပွဲ ပြင်းထန်နေ

Must read

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဆက်ကြေးကောက်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာစဉ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များက ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်းရွာ အကြားတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများကို မြင်းမူဆေးရုံသို့ ပို့ဆောင်စဉ် စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး ထပ်မံ ‌သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကိုလည်း စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာ၍ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကာ ဂွေးပင်တောရွာရှိ အကြမ်းဖက် စစ်တပ်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် မဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းက စုစုပေါင်း ၈ ဦးလို့ပဲ ကနဦး သိရသေးတယ်။ MA သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မ တော် – People’s Liberation Army – PLA အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ နွေဦးလူငယ် LPDF၊ Myinmu Local Defence Force LPDF၊ Youth Vigor Revolution Force LPDF၊ Pentagram LPDF၊ အညာကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကိုင်းခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်လည်း မတ်လ ၂၀ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာမှ ယနေ့ တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို မရပ်မနားလုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကသာမှာ တိုက်ပွဲဖြစ်နေတာ မတ်လ ၂၀ ရက်နေ့ကတည်းက ဖြစ်ကြတာ။ အဓိက ခလရ ၃၀၉ ကို တော်လှန်ရေးတပ်တွေက ၀ိုင်းတိုက်နေတာ။ စစ်တပ်က လေကြောင်းနဲ့ ခုခံနေတယ်။ တစ်နေ့ကို အခေါက် ၂၀ ကျော်လောက် ဗုံးတွေကျဲနေတာ။ မြို့သိမ်းတိုက်ပွဲ ပြန်ဖြစ်နေတာ” ဟု ကသာမြို့ အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့သည်။

စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကသာမြို့မှ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေကြရပြီး ပိတ်မိနေသူများလည်း အများအပြားရှိကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး KIA နှင့် PDF များက ကသာမြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ၄ လကျော်ကြာသည်အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article